၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဘရာဇီးလ် – အာဂျင်တီးနားပွဲမှာတော့ ဘရာဇီးလ် က ( ၂ – ၀ )နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဘရာဇီးလ် ၂ – ၀ အာဂျင်တီးနား

ဒီပွဲမှာတော့ (၂)သင်းလုံးဟာ လက်ရှိအကောင်းဆုံးဖြစ်နေတဲ့ လူစာရင်းတွေနဲ့ ပွဲထွက်ခဲ့ကြတာကြောင့် အပြောင်းအလဲသိပ်မရှိခဲ့ပါဘူး။ ပွဲအစပိုင်းမှာ ဘရာဇီးလ်က အာဂျင်တီးနားကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဖေမီနို Firmino ရဲ့ ကန်ချက်တစ်ကြိမ်ကိုလည်း အာဂျင်တီးနားဂိုးသမား အာမာနီ Armani ကာကွယ်နိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းကလည်း ဘရာဇီးလ်ဘက်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ကြပေမယ့် သိပ်ပြီးထိရောက်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။ ပွဲချိန်(၁၉)မိနစ်မှာတော့ ဘရာဇီးလ်အသင်း ဦးဆောင်ဂိုးစရခဲ့ပြီး အသင်းခေါင်းဆောင် အဲလ်ဗတ်စ် Dani Alves နဲ့ ဖေမီနို တို့ရဲ့နားလည်မှုရှိတဲ့ အတွဲအဖက်ကနေ ရရှိလာခဲ့အခွင့်အရေးကို တိုက်စစ်မှူး ဂျေးဆု Gabriel Jesus က အဆုံးသတ်ခဲ့တာပါ။ အာဂျင်တီးနားအသင်း ချေပဂိုးပြန်ရဖို့ အတွက် အဂွဲရိုး Aguero ၊ မက်ဆီ Messi တို့ကသာ အဓိကကျခဲ့ပြီး ကြိုးစားလည်းကစားခဲ့ကြသလို အဂွဲရိုး ရဲ့ ခေါင်းတိုက်ချက်တစ်ကြိမ် ဘားတန်းထိထွက်ခဲ့လို့ ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲဟာ အနည်းငယ်ကြမ်းခဲ့ပြီး ဘောလုံးကတော့ အလယ်မှာသာ အပျက်များနေခဲ့ပါတယ်။ အာဂျင်တီးနားအသင်းကတော့ ဒီပွဲမှာ ဂိုးကံခေခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး မက်ဆီ ရဲ့ အပိုင်ကန်ချက်တစ်ကြိမ်ကလည်း တိုင်ထိထွက်ခဲ့ရပါတယ်။ ချေပဂိုးပြန်ရဖို့ ဒီမာရီယာ Di María ကို ထည့်သွင်းပြီး အာဂျင်တီးနားအသင်းဟာ တိုက်စစ်ကိုတင်ကစားခဲ့သလို ပွဲချိန်(၆၅)မိနစ်မှာ မက်ဆီ ရဲ့ ဖရီးကစ်ကန်ချက်ကိုလည်း ဘရာဇီးလ်ဂိုးသမား အယ်လစ်ဆန် Alisson တည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘရာဇီးလ်အသင်းရဲ့ ကစားပုံဟာ အနည်းငယ် လျော့တိလျော့ရဲ့နိုင်ခဲ့ပေမယ့် ပွဲချိန်(၇၁)မိနစ်မှာတော့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုရရှိခဲ့ပါတယ်။ ဒီဂိုးကတော့ ဂျေးဆု ရဲ့ တစ်ကိုယ်အစွမ်းကြောင့် ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ထိုးဖောက်ဖန်တီးမှုကနေ ဖေမီနို က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတော့ အိမ်ရှင် ဘရာဇီးလ်အသင်းဟာ လက်ရှိချန်ပီယံချီလီ နဲ့ ပီရူးတို့ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Photo: FIFA World Cup Facebook
Ko Kyue(Akhayar)
www.akhayar.com