၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ တတိယနေရာလုပွဲ အာဂျင်တီးနား – ချီလီပွဲမှာတော့ အာဂျင်တီးနားအသင်းက ( ၂ – ၁ )နဲ့ အနိုင်ရရှိခဲ့ပြီး တတိယဆုရရှိခဲ့ပါတယ်။

အာဂျင်တီးနား ၂ – ၁ ချီလီ

ဒီပွဲမှာတော့ (၂)သင်းလုံးဟာ လူစာရင်းပိုင်း အပြောင်းအလဲ သိပ်မရှိခဲ့ပေမယ့် အာဂျင်တီးနားအသင်းမှာတော့ တိုက်စစ်ကစားသမား ဒီဘားလား Dybala ပွဲထွက်ပါဝင်လာခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ပွဲအစမှာပဲ ချီလီဘက်ကို ဖိအားပေးနိုင်ခဲ့ပြီး တိုက်စစ်မှူး အဂွဲရိုး Augero ကလည်း ပုံစံကောင်းကိုပြနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီ Messi ဟာလည်း ချီလီကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ တားဆီးပုံတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပွဲချိန်(၁၂)မိနစ်မှာတော့ မက်ဆီ က သူ့ကြောင့် ရခဲ့တဲ့ ပြစ်ဒဏ်ဘောကို မြန်မြန်ဆန်ဆန် တိုက်စစ်ကို ပေးပို့ခဲ့ပြီး ဒီဘောလုံးကို အသင့်ရှိနေတဲ့ အဂွဲရိုး က လျင်လျင်မြန်မြန် ပြေးထွက် ရယူသွားခဲ့သလို ချီလီဂိုးသမား Arias ကိုပါ ကျော်ဖြတ်ပြီး အာဂျင်တီးနားအသင်းအတွက် ဦးဆောင်ဂိုးစတင်သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာတော့ မက်ဆီ ၊ အဂွဲရိုး ၊ ဒီဘားလား Dybala တို့ရဲ့(၃)ယောက်တွဲ တိုက်စစ်ကို ချီလီခံစစ်ပိုင်းက တားဆီးဟန့်တားနိုင်ဖို့ တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ အာဂျင်တီးနားအသင်းအတွက် ဒုတိယဂိုးကိုတော့ပွဲချိန်(၂၂)မိနစ်မှာတော့ လိုဆယ်ဆို Lo Celso ခင်းပေးလိုက်တဲ့ ဘောလုံးကို ဒီဘားလား က ချိတ်ယူသွားပြီး ချီလီဂိုးသမား Arias ကျော်ပြီးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးမှာတော့ ဒီဘားလား ရဲ့ Skill ပိုင်းကျွမ်းကျင်မှုနဲ့ ကောင်းမွန်တဲ့ အမြန်နှုန်းတို့ကို မြင်တွေ့ခဲ့ရပါတယ်။

ပွဲချိန်(၃၇)မိနစ်မှာတော့ မက်ဆီ နဲ့ မီဒယ်လ် Medel တို့ အချင်းများခဲ့ကြပြီး ဘာမဟုတ်တဲ့ အကြောင်းအရာကို မီဒယ်လ် ရဲ့လွန်ကဲတဲ့ တုံ့ပြန်ပုံကြောင့် ပြဿနာကကြီးသွားခဲ့သလို ကွင်းလယ်ဒိုင်ကတော့ အသင်းခေါင်းဆောင် (၂)ယောက်လုံးကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အာဂျင်တီးနားအသင်း တိုက်စစ်ပိုင်းက အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပြီး ချီလီဂိုးသမား Arias နဲ့ နောက်ခံလူတွေရဲ့ ကာကွယ်မှုတွေကြောင့်သာ နောက်ထပ်ဂိုးတွေ ထပ်မပေးခဲ့ရတာပါ။ ပွဲချိန်(၅၉)မိနစ်မှာတော့ ချီလီအသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ကွင်းလယ်လူ ဗီဒယ်လ် Vidal က ကန်သွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမိနစ်တွေမှာလည်း ပွဲဟာမြိုင်ဆိုင်ခဲ့ပြီး ခပ်ကြမ်းကြမ်းကစားဟန်တွေကို မကြာခဏမြင်တွေ့ခဲ့ရသလို အာဂျင်တီးနားအသင်းကလည်း အခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ တတိယဆုရရှိခဲ့တာကြောင့် အာဂျင်တီးနားအသင်းအတွက် ကျေနပ်စရာ အနေအထားတစ်ခုတော့ ဖြစ်ခဲ့ပါတယ်။

Photo: Copa América Twitter , FIFA World Cup Facebook
Ko Kyue(Akhayar)
www.akhayar.com