၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စု(A)ရဲ့ ဘရာဇီးလ် – ဗင်နီဇွဲလား ပွဲမှာတော့ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

ဘရာဇီးလ် ၀ – ၀ ဗင်နီဇွဲလား

ဘရာဇီးလ်အသင်းကတော့ ဘိုလီဗီယားနဲ့ ပွဲတုန်းက လူစာရင်းကို တစ်ဦးသာ အပြောင်းအလဲလုပ်ခဲ့သလို ဖာနန်ဒင်ဟို Fernandinho နေရာ အာသာ Arthur ပါဝင်လာခဲ့ပြီး ဗင်နီဇွဲလားကို ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ ဗင်နီဇွဲလားကို အသားစီးယူပြီး ကစားနိုင်ခဲ့ပေမယ့် ဂိုးကံခေမှုနဲ့ ကြုံခဲ့ရပြီး ဗင်နီဇွဲလားဂိုးသမား Farinez ကလည်း ဂိုးပေါက်ကာကွယ်မှု တချို့ပြုလုပ်နိုင်ခဲ့ပါတယ်။ ဗင်နီဇွဲလားကို ဘရာဇီးလ်က ဖိအားပေးနိုင်ခဲ့ပေမယ့် ဗင်နီဇွဲလားတိုက်စစ်မှူး ရွန်ဒွန် Rondon ရဲ့ ခေါင်းတိုက်ချက်တိုင်ဘေးကပ်ထွက်ခဲ့လို့သာ ဘရာဇီးလ်အသင်း သက်သာခဲ့ရတာပါ။

ဒုတိယပိုင်းမှာတော့ ရစ်ချာလီဆင် Richarlison အစား ဂျေးဆု Gabriel Jesus ကို ထည့်သွင်းပြီး ဘရာဇီးလ်အသင်း တိုက်စစ်ပိုင်းအပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ဂျေးဆု ၀င်လာပြီးနောက်ပိုင်းမှာတော့ ဘရာဇီးလ်အသင်းရဲ့တို က်စစ်ပိုင်းဟာ ပထမပိုင်းကထက် ပိုကောင်းလာခဲ့ပြီး အခွင့်အရေးတွေပိုရခဲ့ပါတယ်။ ပွဲချိန်(၅၉)မိနစ်မှာ ဂျေးဆု က ဘရာဇီးလ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပေမယ့်VAR ကြောင့်ပယ်ဖျက်ခံခဲ့ရပါတယ်။ ပွဲချိန်(၈၆)မိနစ်မှာတော့ ကော်တင်ဟို Coutinho က ဘရာဇီးလ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးထပ်သွင်းယူခဲ့ပေမယ့် VAR ကြောင့်ပဲ ထပ်ပြီးပယ်ဖျက်ခံခဲ့ရပါတယ်။ ဒီလိုအနေအထားတွေကြောင့် ဂိုးမရှိသရေနဲ့ပဲ ပွဲပီးခဲ့ပြီး ဘရာဇီးလ်အသင်းအတွက်တော့ စိတ်ပျက်စရာ အခြေအနေဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဘရာဇီးလ်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စု(A)မှာ (၂)ပွဲကစား (၁)ပွဲနိုင် ၊ (၁)ပွဲသရေနဲ့ ရမှတ်(၄)မှတ်ရရှိထားပြီး အုပ်စုကို ဦးဆောင်ထားပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲ ရလဒ်များ

ဘိုလီဗီးယား ၁ – ၃ ပီရူး
ဘရာဇီးလ် ၀ – ၀ ဗင်နီဇွဲလား

Photo: Copa America Twitter
Ko Kyue(Akhayar)
www.akhayar.com