လက်ရှိ ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ခွင့်ရထားတဲ့ နည်းပြ ဆာရီ Sarri ဟာ တော်တော်လေးကို ကံကောင်းတဲ့သူလို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ ဂျူဗင်တပ်စ်အသင်းရဲ့ လူစာရင်းဟာ တော်တော်လေးကို တောင့်တင်းကောင်းမွန်နေပြီး (၂)သင်းစာလောက်ရှိတဲ့ လူအင်အားကို ပိုင်ဆိုင်ထားလို့ပါပဲ။ ဒီလိုအနေအထားမှာ သူ့အနေနဲ့ အသင်းကို ကြိုက်တဲ့ ကစားကွက်နဲ့ ကစားခိုင်းလို့ရသလို နည်းဗျူဟာအပြောင်းအလဲကလည်း မျိုးစုံလုပ်နိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် ဂျူဗင်တပ်စ်အသင်းဟာ PSG တိုက်စစ်ကစားသမား နေမာ Neymar နဲ့လည်း အသံတွေထွက်နေတာကြောင့် ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ရင်ခုန်စရာပါ။ အခု ဒီ Article မှာတော့ ၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီ ဂျူဗင်တပ်စ်အသင်းရဲ့ဖြစ်နိုင်ခြေရှိတဲ့ ကစားကွက်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၃ – ၅ – ၂

ဒီကစားကွက်ကတော့ ချီလီနီ Chiellini နဲ့ ဘိုနူချီ Bonucci ကို မပစ်ပယ်နိုင်ဖူးဆိုရင် သုံးဖို့ရှိတဲ့ ကစားကွက်ဖြစ်ပါတယ်။ သူတို့နဲ့ အတူတွဲဖက်ကစားမယ့် နောက်ထပ်နောက်ခံလူတစ်ဦးကတော့ အသစ်ခေါ်ယူထားတဲ့ လူငယ်နောက်ခံလူ ဒီလိဂ် De Ligt ပါ။ ဒီကစားကွက်မှာတော့ Wing Back တွေအဖြစ် ကန်ဆယ်လို Cancelo ၊ ဆန်ဒရို Alex Sandro တို့ရှိနေပြီး ညာခြမ်းကို တိုက်စစ်ပိုအားထည့်ကစားချင်ရင်တော့ ကွာဒရာဒို Cuadrado ကို အသုံးပြုလို့လည်းရပါတယ်။ ကွင်းလယ်မှာတော့ ကစားသမားကောင်းတွေများတာကြောင့် အသေးစိတ်ထပ်ရှင်းပြသွားမှာဖြစ်ပြီး တိုက်စစ်ပိုင်းမှာတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက အတွဲညီခဲ့ကြတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မန်ဇူကစ် Mandžukić တို့က အသင့်ရှိနေပါတယ်။

၎ – ၃ – ၃

၎ – ၃ – ၃ ကစားကွက်ဟာ နည်းပြဆာရီ ရဲ့ အကြိုက်ဖြစ်ပြီး နာပိုလီ ၊ ချယ်လ်ဆီးအသင်းတွေမှာ ဒီပုံစံနဲ့ပဲ သူဖြတ်သန်းလာခဲ့တာပါ။ ဒီကစားကွက်မှာတော့ ချီလီနီ နဲ့ ဘိုနူချီ တို့ထဲက တစ်ယောက်ကတော့ သေချာပေါက်အရန်ခုံမှာထိုင်ရမှာဖ်ြစ်ပါတယ်။ လက်ရှိ ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်မှာ ကစားသမားကောင်းတွေများပြားတာကြောင့် ကွင်းလယ်(၃)ယောက်တန်းမှာ ဘယ်သူ့တွေကို သုံးမလဲဆိုတာ တကယ့်ကို စိတ်ဝင်စားစရာပါ။ ဒီနေရာမှာ ကွင်းလယ် အနေအထားကို အသေးစိတ်ထပ်ရှင်းပြသွားမှာဖြစ်ပြီး ယာနစ် Pjanić ၊ မာတွီဒီ Matuidi နဲ့ ရာဘီယူ Rabiot တို့က ဦးစားပေးကစားသမားတွေဖြစ်လာနိုင်ပါတယ်။ ဆာရီ ရဲ့ လက်ထဲမှာတော့ ယာနစ် ကို deep-lying playmakerအဖြစ်ပိုမြင်တွေ့ရဖို့ ရှိပြီး မြင်သာအောင်ပြောရရင်တော့ ပီယာလို Pirlo ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့သလိုမျိုး နဲ့ ဆာရီ ချယ်လ်ဆီးမှာ ယော်ဂျင်ဟို Jorginho ကို ကစားခိုင်းတဲ့ ပုံမျိုးဖြစ်ပါတယ်။

ယာနစ် ဟာ တိုက်စစ်အားသန်ကွင်းလယ်လူ ဖြစ်သလို တိကျတဲ့ ပေးပို့ဖန်တီးမှုတွေကို လုပ်နိုင်သူဖြစ်တာကြောင့် ဒီနေရာဟာ သူနဲ့အဆင်ပြေဖို့ ရှိပါတယ်။ ယာနစ် တိုက်စစ်ကို လိုက်ပါသွားရင်တော့ မာတွီဒီ က ဒီနေရာကို ပြန်ပြီး Cover လုပ်ပေးသွားမှာဖြစ်ပြီး ရာဘီယူ ကတော့ Box to Box ကစားသွားမှာဖြစ်ပါတယ်။ ဒီကွင်းလယ်အတွဲအဖက်ဟာ စိတ်ဝင်စားဖို့ကောင်းမှာ သေချာနေပြီး အသက်အရွယ်အရ နည်းနည်းအကျပိုင်းကို ရောက်နေတဲ့ မာတွီဒီကို တကယ်လို့ အနားပေးချင်ရင်တော့ အမ်မရီချန် Can နဲ့ ခီဒီရာ Khedira တို့ကလည်း ဒီနေရာအတွက် ရှိနေပါတယ်။ တိုက်စစ်(၃)ယောက်တွဲမှာတော့ စီရော်နယ်လ်ဒို ၊ မန်ဇူကစ် ၊ ဒီဘားလား Dybala တို့ရှိနေပြီး ဘာနာဒက်ချီ Bernardeschi ကိုလည်း အသုံးပြုလို့ရပါတယ်။

၎ – ၂ – ၃ – ၁

ဒီကစားကွက်မှာတော့ ကွင်းလယ်ပိုင်း အပြောင်းအလဲတွေရှိလာနိုင်ပြီး ရမ်ဆေး Ramsey ကို Box to Box (သို့) No.10 Role နေရာထားကစားလို့ရပါတယ်။ နောက်ထပ်ကွင်းလယ် (၂)နေရာအတွက်တော့ ဂျူဗင်တပ်စ်အသင်းမှာ ကွင်းလယ်ကစားသမားကောင်းတွေရှိနေတာကြောင့် သိပ်ပြီး ပူပန်စရာမလိုပါဘူး။ တောင်ပံတိုက်စစ်ပိုင်းအတွက်တော့ မန်ဇူကစ် ၊ ဒီဘားလား ၊ ဘာနာဒက်ချီ နဲ့ ဒေါက်ဂလပ်ကော်စတာ Douglas Costa တို့ရှိနေပြီး အထောင်တိုက်စစ်မှူးကတော့ စီရော်နယ်လ်ဒို ဖြစ်ပါတယ်။

၎ – ၄ – ၂

ဒီကစားကွက်ကတော့ ဖြစ်လာနိုင်ခြေနည်းပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းမှာ ဟီဂွါအင် Higuaín ၊ မွိုက်ဆီကိန်း Kean တို့လို တိုက်စစ်မှူးတွေရှိတာကြောင့် တိုက်စစ်(၂)နေရာမှာ ဒီကစားသမားတွေထဲက တစ်ယောက်က စီရော်နယ်လ်ဒို နဲ့တွဲဖက်ကစားနိုင်ပါတယ်။ ကွင်းလယ်ရဲ့ တောင်ပံ(၂)နေရာမှာတော့ တောင်ပံတိုက်စစ်ကစားသမား စစ်စစ်က တစ်ယောက်လောက်သာပါနိုင်ပြီး ညာခြမ်းတောင်ပံကတော့ ရမ်ဆေး အတွက် ဖြစ်လာနိုင်ပါတယ်။

၎ – ၄ – ၁ – ၁

ဒီကစားကွက်မှာတော့ စီရော်နယ်လ်ဒို ကအထောင်တိုက်စစ်မှူးဖြစ်ပြီး နောက်ချန်တိုက်စစ်ကစားသမားကတော့ ဒီဘားလား ဖြစ်ပါတယ်။ ဒီဘားလား ဟာ ဂျူဗင်တပ်စ်အသင်းမှာ ဒီပုံစံနဲ့ ဟီဂွါအင် နဲ့ အတွဲညီခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်တာကြောင့် သူနဲ့လိုက်ဖက်တဲ့ ကစားကွက်တစ်ခုပါ။ ဒီကစားကွက်မှာလည်း တောင်ပံတိုက်စစ်ကစားသမား စစ်စစ်က တစ်ယောက်လောက်သာပါနိုင်ပြီး ညာခြမ်းတောင်ပံကတော့ ရမ်ဆေး အတွက်ပဲ ဖြစ်လာနိုင်ပါတယ်။ ကွင်းလယ်ကစားသမားတွေအဖြစ် မာတွီဒီ ၊ ယာနစ် တို့ကစားနိုင်ခဲ့ပြီး ယာနစ် ၊ ရမ်ဆေး ၊ ဒီဘားလား တို့ရဲ့ Skill ပြည့်ဝတဲ့ ကစားဟန်၊ ဘယ်ခြမ်းက တိုက်စစ်ကစားသမားရဲ့ တိုးအား နဲ့ အထောင်တိုက်စစ်မှူး စီရော်နယ်လ်ဒို တို့ရဲ့ အစုအဖွဲ့က ပြိုက်ဘက်ကို အပြည့်အ၀ဖိအားပေးနိုင်မှာ သေချာပါတယ်။ ဒီကစားကွက်ရဲ့ အားနည်းချက်မှာတော့ ကွင်းလယ်ခံစစ်မှာ မာတွီဒီ တစ်ယောက်သာရှိတဲ့ အနေအထားဖြစ်ပြီး ဒီအခြေအနေကို ရမ်ဆေး က ပြန်ကူပေးရမှာဖြစ်ပါတယ်။

Photo: Juventus Twitter , Dybala Twitter
Ko Kyue(Akhayar)
www.akhayar.com