ဥရောပပြိုင်ပွဲမှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ ပရိသတ်ရှေ့မှောက်ကို ရောက်ရှိလာပါပြီ။ ဒီရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ All English Final အဖြစ် စပါး-လီဗာပူးလ်အသင်းတို့ ရင်ဆိုင်တွေ့ကြမှာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို (၆)ကြိမ်မြောက် ရယူဖို့ ပြင်ဆင်နေတဲ့ လီဗာပူးလ်၊ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ခွင့်ရဖို့ ပစ်မှတ်ထားနေတဲ့ စပါးအသင်းတို့ထဲက ဘယ်အသင်းများ အောင်ပွဲခံနိုင်မလဲ . . .

ဗိုလ်လုပွဲလာရာလမ်းကြောင်း

ပထမဆုံး ဒီနှစ်သင်းရဲ့ အုပ်စုအဆင့်က စပြီး ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တဲ့ လမ်းကြောင်းကို ပြန်လည်ဖော်ပြချင်ပါတယ်။ လီဗာပူးလ်ရော၊ စပါးအသင်းတို့ဟာ အုပ်စုအဆင့်မှာ အသည်းအသန်ရုန်းကန်ခဲ့ရပြီးမှ နှာတစ်ဖျားအသာနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့တာပါ။ လီဗာပူးလ်က နာပိုလီနဲ့ (၉)မှတ်တူ သွင်းဂိုးအသာရခဲ့လို့ အုပ်စုဒုတိယရခဲ့တာဖြစ်ပြီး စပါးအသင်းကတော့ အုပ်စုအဖွင့်(၃)ပွဲစလုံး အနိုင်မရခဲ့ပေမယ့် လက်ကျန်ပွဲမှာ ရမှတ်တွေ ရယူနိုင်ခဲ့သလို ပြိုင်ဘက်အင်တာမီလန်အသင်းက ခြေချော်ခဲ့လို့သာ နောက်တစ်ဆင့်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ အုပ်စုအဖွင့်(၃)ပွဲမှာ တစ်ပွဲမှ မနိုင်ဘဲ ဗိုလ်လုပွဲတက်ခဲ့တာဆိုလို့ ၂၀၀၉-၁၀ ရာသီတုန်းက အင်တာမီလန်တစ်သင်းသာရှိပြီး အဲဒီရာသီမှာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲလာရာလမ်းကြောင်းမှာ စပါးအသင်းထက် လီဗာပူးလ်က ပွဲပိုကျပ်တယ်လို့ ပြောရမှာဖြစ်ပြီး ကွာတားဖိုင်နယ်မှာတွေ့ခဲ့တဲ့ ပေါ်တိုကလွဲရင် ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာစတဲ့ အသင်းကြီးတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ စပါးအသင်းကတော့ ဒေါ့မွန်၊ မန်စီးတီး၊ အေဂျက်စ်တို့ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်ခွင့်လက်မှတ် ရယူနိုင်ခဲ့တာပါ။ နှစ်သင်းစလုံးမှာ တူညီတာက မယုံနိုင်လောက်တဲ့ ရလဒ်တွေ ရယူနိုင်ခဲ့တာပါပဲ။ စပါးအသင်းက အေဂျက်စ်နဲ့ပွဲမှာ လူးကပ်စ်မော်ရာ Lucas Moura ရဲ့ ဟက်ထရစ်နဲ့ အနိုင်ယူခဲ့သလို လီဗာပူးလ်အသင်းကလည်း ဘာစီလိုနာကို (၄)ဂိုးပြတ်နဲ့ အနိုင်ယူပြခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာပြဿနာ

စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း Harry Kane ဒဏ်ရာက ပြန်သက်သာလာပြီဖြစ်လို့ အခုပွဲမှာ ပွဲထွက်ကစားဖို့ရှိနေပါတယ်။ လီဗာပူးလ်ကွင်းလယ်လူ နာဘီကီတာ Naby Keita ဒဏ်ရာကြောင့် ဗိုလ်လုပွဲလွဲချော်မှာဖြစ်ပေမယ့် ကြွက်သားဒဏ်ရာကြောင့် အသင်းနောက်ဆုံး(၃)ပွဲကို လွဲချော်ခဲ့သူ ဖေမီနို Roberto Firmino ပြန်ပါလာဖို့ရှိနေပါတယ်။

နှစ်ဖက်အသင်းနည်းပြများ

စပါးအသင်းနည်းပြ ပိုချက်တီနို Mauricio Pochettino ဟာ နည်းဗျူဟာပိုင်း၊ ကစားသမားခေါ်ယူမှု အပိုင်းနဲ့ အသင်းကို တည်ဆောက်မှုအပိုင်းမှာ အားသာချက်ရှိပေမယ့်လည်း အခုအချိန်အထိ အသင်းအတွက် ဆုဖလား မရသေးတာက စိတ်ပျက်စရာပါ။ စပါးနည်းပြဘ၀ (၅)နှစ်တာကာလအတွင်း ၂၀၁၅ တုန်းက လိဂ်ဖလားဗိုလ်လုပွဲရောက်အောင် ပို့ဆောင်နိုင်ခဲ့ပေမယ့် ဒုတိယနဲ့သာကျေနပ်ခဲ့ရပါတယ်။ တကယ်လို့သာ အခု ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် ပိုချက်တီနိုဟာ Bill Nicholson ၊ Keith Burkinshaw တို့နောက်ပိုင်း အဓိက ဥရောပဆုဖလား ရယူပေးခဲ့တဲ့ တတိယမြောက် စပါးအသင်းနည်းပြအဖြစ် မှတ်တမ်းဝင်မှာပါ။ ယာဂန်ကလော့် Jurgen Klopp က ဗိုလ်လုပွဲမှတ်တမ်းမှာ ပိုချက်တီနိုထက် သာပေမယ့် သူ့အတွက် စိုးရိမ်စရာကောင်းတာက ဗိုလ်လုပွဲမှတ်တမ်းဆိုးပါပဲ။ ဗိုလ်လုပွဲ(၇)ကြိမ်မှာ (၁)ကြိမ်သာ အနိုင်ရခဲ့တာ၊ လီဗာပူးလ်အသင်းနဲ့အတူ ဗိုလ်လုပွဲ(၃)ကြိမ်ရောက်ခဲ့ပေမယ့် ပွဲတိုင်းရှုံးနိမ့်ခဲ့တာတွေက ယာဂန်ကလော့ပ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်လို့ ပြောရမယ်။

သုံးသပ်ချက်

စပါးနဲ့ လီဗာပူးလ်အသင်းတို့ဟာ အဓိက ဥရောပပြိုင်ပွဲကြီးတစ်ခုရဲ့ ဗိုလ်လုပွဲမှာ ပထမဆုံးအကြိမ် ဆုံတွေ့တာဖြစ်ပါတယ်။ ပိုချက်တီနိုနဲ့ ယာဂန်ကလော့ပ်တို့ဟာ စုစုပေါင်း (၉)ကြိမ်အထိ ဆုံတွေ့ခဲ့ဖူးပြီး ပိုချက်တီနိုက (၁)ပွဲသာအနိုင်ရခဲ့သလို (၄)ပွဲသရေ၊ (၄)ပွဲအထိ ရှုံးနိမ့်ခဲ့တယ်။ ဒီရာသီ ပရီးမီးယားလိဂ်ဆုံတွေ့မှုမှာလည်း လီဗာပူးလ်အသင်းက အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ယူခဲ့တာပါ။ နောက်ဆုံး (၆)နှစ်အတွင်း ပြိုင်ပွဲစုံ (၁၄)ပွဲဆုံတွေ့မှုမှာ လီဗာပူးလ်က (၁)ကြိမ်သာ ရှုံးနိမ့်ခဲ့ပြီး (၉)ပွဲနိုင်၊ (၄)ပွဲသရေကျခဲ့တယ်။ လက်ရှိ ဒီနှစ်သင်းရဲ့ အနေအထားကို နှိုင်းယှဉ်ကြည့်ရင် သိသိသာသာ ကွာခြားချက်တော့ မရှိပါဘူး။ ဒါပေမဲ့ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ခြေစွမ်းပိုင်း၊ ရလဒ်ပိုင်း သိသိသာသာ တိုးတက်လာပြီး ပရီးမီးယားလိဂ်မှာ အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ရမှတ် ရရှိခဲ့ပေမယ့် ကံဆိုးလို့သာ ချန်ပီယံမဖြစ်ခဲ့တာပါ။ တစ်သင်းအကြောင်းကို တစ်သင်း ကောင်းကောင်းသိနေတာကြောင့် ရလဒ်ကို ခန့်မှန်းရခက်ပေမယ့် ယာဂန်ကလော့ပ်ရဲ့ ဗိုလ်လုပွဲအတွေ့အကြုံ၊ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ကစားသမားကောင်းတွေ ပါဝင်နေတဲ့ လီဗာပူးလ်အသင်းကို အရဲစွန့်ရွေးချယ်ချင်ပြီး (၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အရယူနိုင်မယ်လို့ ထင်ပါတယ်။

Photo:YouTube,Sports Illustrated,Yahoo! Sports,The Globe and Mail
Naing Linn(Akhayar)
www.akhayar.com