လွန်ခဲ့တဲ့ ၂ နှစ်အတွင်း လူကြိုက်အများဆုံးနဲ့ အကောင်းဆုံး စမတ်ဖုန်းအလုံး ၂၀

20. BlackBerry Key2

ဒေါ်လာ ၆၅၀ ကျသင့်မယ့် BlackBerry Key2 မှာ Snapdragon 660 Processor နဲ့ 12MP Dual Camera ပါဝင်ပေမယ့် ထုံးစံအတိုင်း ဈေးတော့ကြီးနေပါတယ်။ Android OS နဲ့ မောင်းနှင်ထားတယ်၊ ၄ လက်မခွဲ Display နဲ့ Physical Keyboard ထည့်လိုက်တာက စာရိုက်ရ ပိုအစဉ်ပြေပေမယ့် မလိုအပ်ဘူးလို့ ထင်တာပဲ။ Fingerprint Sensor ကို Spacebar နဲ့ တွဲထည့်ထားလို့ ဖုန်း Unlock လုပ်ရင် တစ်ခါတရံ ကသိကအောက်နိုင်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ Dual 12MP နှစ်လုံးသုံးထားလို့ စွမ်းဆောင်ရည်က Google Pixel နဲ့ Samsung နီးနီးကာင်းတယ်လို့ ပြောနိုင်ပေမယ့် Selfie ရိုက်ကူးဖို့ကျ သာမန်လောက်ပဲ စွမ်းဆောင်နိုင်ပါတယ်။

BlackBerry Key 2

19. Motorola Moto Z3

Motorola ကနေ မိတ်ဆက်ထားတဲ့ Moto Z3 ကတော့ 5G စနစ်ပါဝင်ပြီးသား High-end စမတ်ဖုန်းပါ။ Verizon ထောက်ပံ့မယ့် 5G Network ကို ၂၀၁၉ ကျမှ သုံးနိုင်ပေမယ့် ၄၈၀ ဒေါ်လာပဲကျသင့်မယ်ဆိုတာက တော်တော်တန်နေပါပြီ။ ဖုန်းအထူက ၇.၉ မီလီမီတာပဲ ရှိသလို 3,000 mAh ဘက်ထရီလည်း ပါဝင်ပါတယ်။ အဲ့ဒါထက် Stereo Speaker အသံထွက်စနစ်ကိုမှ Alexa Assistant နဲ့ ထောက်ပံ့ထားသလို Projector တခုနဲ့ 360 Degree ရိုက်ကူးနိုင်တဲ့ ကင်မရာပါလာတာက Moto Z3 ရဲ့ အားသာချက်တွေပါ။

Motorola Moto Z3

18. iPhone SE/6S & 6S Plus (Exclusive)

Android ဖုန်းကို ဘယ်လိုပဲ ကောင်းတယ်ပြောပြော လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ထွက်ထားတဲ့ iPhone မော်ဒယ်သုံးမျိုးကိုယှဉ်မရသေးဘူး ထင်ပါတယ်။ ဘာလို့လဲဆိုရင် OS Update အမြဲရနေသေးသလို PUBG လို ဂိမ်းမျိုးကောင်းကောင်းကစားနိုင်သေးလို့ပါ။ ကင်မရာ အရည်သွေးကလည်း ကောင်းမွန်တဲ့ အနေထားတခုထိ ပိုင်ဆိုင်သေးသလို လျှင်မြန်တဲ့  Touch ID Fingerprint Sensor တွေက Apple ထုတ်ကုန်တွေ ဘယ်လောက်ထိ အရည်သွေထိန်းထားနိုင်သလဲဆိုတာ ဖော်ပြနေသလိုပါပဲ။

iPhone SE/6S & 6S Plus

17. iPhone 7 & 7 Plus

Apple ဖုန်းတလုံး ကောင်းကောင်းကိုင်ချင်လို့ လိုက်ရှာနေရရင် ဒီ iPhone 7 မော်ဒယ်နှစ်မျိုးဝယ်ဖို့ စဉ်းစားကြည့်လိုက်ပါ။ ထွက်ခဲ့တာ ၂ နှစ်လောက်ရှိသွားပြီဆိုမယ့် Apple Support ပေးနေဦးမှာပါ၊ ဒါကြောင့်ဘယ်လို Security Threat နဲ့ပဲတွေ့တွေ့ Android ထက်ပိုကောင်းတဲ့ OS Update နဲ့ စိတ်ချချသုံးနိုင်သလို IP67 Rating ရှိသေးတာကြောင့် ရေစိုပြီးဖုန်းပျက်မှာ မစိုးရိမ်ရပါဘူး။ အဲ့ဒါထက် အလင်းရောင်အားနည်းချိန်မှာ ကောင်းကောင်းရိုက်ကူးလို့ရတာက iPhone 7 မှာ အကောင်းဆုံးကင်မရာ အရည်သွေးပိုင်ဆိုင်ထားသလို 7 Plus မှာ Dual Camera သုံးထားတဲ့ အားသာချက်ကြောင့် ပုံရိပ်ဝေဝါးခြင်းမရှိဘဲ Optical Zoom ၂ ဆထိ ဆွဲချဲ့ ရိုက်ကူးနိုင်ဦးမှာပါ။

iPhone 7 & 7 Plus

16. Galaxy S8 & S8 Plus

2017 ရဲ့ အကောင်းဆုံး စမတ်ဖုန်းဖြစ်ခဲ့တဲ့ Galaxy S8 ကတော့ အခုချိန်ထိ လူကြိုက်များနေဆဲပါ။ တစ်ချိန်က သူ့ရဲ့အားနည်းချက်ဖြစ်ခဲ့တဲ့ Fingerprint Sensor နေရာကြောင့် ပြောစရာဖြစ်ခဲ့ပေမယ့် အသစ်ထွက် S9 နဲ့ S9 Plus မော်ဒယ်တွေထက် ရောင်းအားကောင်းနေဆဲပါ။ အခုချိန်ထိ Galaxy S8 နဲ့ S8 Plus ကို ဒေါ်လာ ၅၀၀ နဲ့ ၅၉၀ ဆိုပြီး ရောင်းချနေသေးတယ်ဆိုတော့ ဈေးနှုန်းချင်း သိပ်မကွာတဲ့ iPhone 7 မကိုင်ချင်ဘူးဆိုရင် Infinity Display လည်းပါ High-end Feature တွေပါဝင်တဲ့ Samsung မော်ဒယ်နှစ်မျိုးက ရွေးချယ်စရာ ဖြစ်နေဦးမှာပါ။

Galaxy S8 & S8 Plus

15. Razer Phone

Razer လို့ ပြောလိုက်တာနဲ့ Gamer လိုအပ်ချက်တိုင်း Gaming Accessory မျိုးစုံ Luxury Standard အပြည့်ထောက်ပံ့နေတဲ့ နာမည်ကြီးကုမ္ပဏီလို့ သိကြပြီးသားပါ။ ဒီလိုပဲ ကွန်ပျူတာနဲ့ Console Gaming အပြင် စမတ်ဖုန်းနဲ့ Standard ကျကျ ဂိမ်းကစားနိုင်တဲ့အခါမှာတော့ ပါးပါးနပ်နပ် Razer Phone ဆိုပြီး မိတ်ဆက်သွားခဲ့ပါတယ်။ Gaming ဖုန်းဆိုတဲ့အတိုင်း အားသာချက်တခုက ဂိမ်းကစားရင် 120Hz Refresh Rate အပြည့်တွန်းပေးနိုင်တာပါ။ အဲ့ဒါကြောင့်လည်း တခြား Gaming ဖုန်းတွေထက် ရုပ်ထွက်ပိုပြီး ညက်ညောသလို စမတ်ဖုန်းတွေထဲအကောင်းဆုံးလို့ ပြောနိုင်တဲ့ IGZO Display သုံးပေးထားပါတယ်။ အခုချိန်မှာ ဒေါ်လာ ၇၀၀ လောက်ပဲရှိတော့ပေမယ့် ဈေးကြီးနေသေးတယ်လို့ ပြောနိုင်ပါတယ်။

Razer Phone

14. HTC U12+

HTC အနာဂတ် မလှမပဖြစ်နေတဲ့အချိန် ကုမ္ပဏီထုတ် U12+ စမတ်ဖုန်းကတော့ Flagship တွေထဲ စွမ်းဆောင်ရည်ကောင်း ဖုန်းတလုံးအဖြစ် ရပ်တည်နေဆဲပါ။ ကင်မရာစွမ်းဆောင်ရည်မှာ DxoMark မှတ် ၁၀၃ မှတ်အထိ ရရှိထားလို့ U12+ ကို ကင်မရာဖုန်းလို့တောင် ပြောနိုင်ပါတယ်။ ဖုန်းကိုယ်ထည်ကို Glossy အရောင်နဲ့ ပြုလုပ်ထားလို့ အလင်းနဲ့ တွေ့တဲ့အခါ အရောင်တလဲ့လဲ့ ပြောင်းလဲသွားတာ သတိထားမိဦးမှာပါ။ လက်ရှိအချိန်မှာတော့ U12+ စမတ်ဖုန်းကို ဒေါ်လာ ၈၀၀ နဲ့ ရောင်းချပေးနေပါတယ်။

HTC U12+

13. Huawei Mate 10 Pro

Huawei ထုတ် Mate 10 Pro စမတ်ဖုန်းကိုတော့ Samsung ဘယ်လိုမှ မေ့ရနိုင်မယ် မထင်ပါဘူး။ အရင်တလောကမှ Apple ကို ကျော်တက်သွားပြီး ဒုတိယအများဆုံး စမတ်ဖုန်းထုတ်လုပ်သူ ဖြစ်လာခဲ့သလို Mate 10 Pro မှာပါဝင်လာတဲ့ 4,000 mAh ဘက်ထရီက ဖုန်းတလုံး ထောက်ပံ့ထားနိုင်တဲ့ ဘက်ထရီ ပမာဏထက် ကျော်လွန်သွားခဲ့ပါတယ်။ Huawei ပြောတာတော့ Kirin 970 Processor မှာ သုံးလာခဲ့တဲ့ Neural-network Processing Unit (NPU) ကြောင့်မလို့ Mate 10 Pro မှာ လုံးဝထင်မှတ်မထားတဲ့ Battery Life ကို ပိုင်ဆိုင်နိုင်ပါတယ်တဲ့။ အခုချိန် Samsung ကလည်း 4,000 mAh ဘက်ထရီပါဝင်လာတဲ့ Galaxy Note 9 မိတ်ဆက်လိုက်ပြီဖြစ်တာကြောင့် Mate 10 Pro ဈေးက ဒေါ်လာ ၅၄၀ ပဲ ရှိပါတော့တယ်။

Huawei Mate 10 Pro

12. LG G7 ThinQ

LG စမတ်ဖုန်းအများစုက ဒီဖက်မှာ အသုံးနည်း၊ Popular မဖြစ်ဘူးဆိုမယ့် ကိုးရီးယားနိုင်ငံနဲ့ အနောက်နိုင်ငံတွေမှာ အတော်လေး ရေပန်းစားပါတယ်။ ဘာကြောင့်လဲဆို Samsung လို Premium Feature သုံးတာထက် Dolby Vision နဲ့ HDR ကောင်းကောင်း ကိုင်တွယ်ပေးနိုင်တဲ့ Display မျိုး၊ အသံပိုင်းမှာ ဆရာကျတဲ့ DTS အသံထွက် စနစ်ပါဝင်လာတာတွေက ကင်မရာပိုင်းနဲ့ စွမ်းဆောင်ရည် ပိုကောင်းတယ်ပြောတာထက် G7 ကို Perfect ဖြစ်သွားစေတာကြောင့် လူကြိုက်များတာပါ။

LG G7 ThinQ

11. Essential Phone

Essential Phone တွေကို Google Pixel ဖုန်းတွေပြီးသွားရင် Software Update အဖြစ်ဆုံးလို့ ပြောနိင်ပါတယ်။ နောက်ပြီး ရိုးရှင်းလှပတဲ့ UI က Pure Android သုံးနေရသလို ခံစားရတာမလို့ Samsung နဲ့ LG တို့ထက် ပိုပြီးရွေးချယ်ချင်စရာ ကောင်းတဲ့အချက်ပါ။ ကျောဘက်ကိုယ်ထည်ကို ကြွေသတ္တုစပ်နဲ့ ပြုလုပ်ထားသလို ဘေးဘောင်ကို Titanium သားနဲ့ ဖန်တီးထားတဲ့အချက်က တကယ်အထင်ကြီးစရာပါ။ ဒီလိုပဲ ဒီဇိုင်းမှာ အပြစ်ပြောစရာ စွမ်းဆောင်ရည်ပိုင်းမှာလည်း အားနည်းချက်နည်းပါတယ်။ ကင်မရာပိုင်းမှာ သာမန်ဖုန်းတွေထက် ပိုမြန်မြန်ရိုက်လို့ရသလို 360 Degree ကင်မရာအသုံးပြုပေးထားပါတယ်။ ထွက်စတုန်းက ဒေါ်လာ ၇၀၀ ကျော်ရှိခဲ့ပေမယ့် အခုတော့ဒေါ်လာ ၅၀၀ အောက်ပဲရှိပါတော့တယ်။

Essential Phone

10. iPhone 8

iPhone 8 မှာသုံးနေတဲ့ A11 Fusion Chip စွမ်းဆောင်ရည်ကို အသစ်ထွက်မယ့် Snapdragon 855 တောင် Single Core ချင်းမယှဉ်နိုင်သေးပါဘူး။ နောက်ပြီး ခေတ်စားလာတဲ့ ကြိုးမဲ့အားသွင်းစနစ် ထောက်ပံ့ဖို့ ဖန်သားနဲ့ သတ္တုကိုယ်ထည်နှစ်မျိုး ရောစပ်ဖန်တီးထားသလို Fast Charging ရလာတဲ့အချက်က အောင်မြင်ပြီးသား iPhone မော်ဒယ်ဟောင်းကို အဆင့်မြှင့်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါပေမယ့်လည်း Andorid ဖုန်းတွေမှာ iPhone 8 မထွက်ခင်ကတည်းက သုံးနှင့်ပြီးသာဖြစ်တာမလို့ အထူးဆန်း မဟုတ်တော့ပါဘူး။

iPhone 8

9. Google Pixel 2

Google ဖုန်းတွေဘယ်လောက်ပဲ ကောင်းတယ်ပြောပြော ကြည့်ရရုပ်ဆိုးပြီး၊ မြင်လိုက်တာနဲ့ အထင်ကြီးစရာမရှိတဲ့ အားနည်းချက်တော့ ရှိပါတယ်။ ဒါပေမယ့်လည်း တကယ့် Power User တွေ နှစ်ခြိုက်တဲ့ ဖုန်းဖြစ်ပြီး Android ဖုန်းအားလုံးထက် ပိုသာတဲ့ နည်းပညာ၊ စွမ်းဆောင်ရည် ပိုင်ဆိုင်ထားပါတယ်။ နောက်ပြီး ဘယ်လို Update ပဲထွက်လာထွက်လာ Google ဖုန်းကိုင်ထားရင် ချက်ချင်းတင်လို့ရတာက အားသာချက်ပါ။ Google သုံးထားတဲ့ နည်းပညာအများစုကို Samsung လိုက်ထုတ်နိုင်လို့ ဒေါ်လာ ၆၅၀ ကျသင့်မယ့် Pixel 2 ထက်စာရင် ပိုဒီဇိုင်းလှပပြီး ဆွဲဆောင်မှုရှိတဲ့ Galaxy ဖုန်းတွေက ပိုရွေးချယ်ချင်စရာ ဖြစ်စေပါတယ်။

Google Pixel 2

8. iPhone 8 Plus

Apple ထုတ် အကောင်းဆုံး iPhone ကိုင်ဖို့ရည်ရွယ်ထားရင် iPhone 8 Plus မော်ဒယ်ရွေးချယ်ဖို့ အသင့်တော်ဆုံးပါ။ iPhone X လို OLED Display နဲ့ Face ID မပါတာကလွှဲရင် ကျန်တဲ့ Feature နဲ့ Specification အားလုံးအတူတူပါ။ နောက်ပြီး ဒေါ်လာ ၂၀၀ လောက် ပိုဈေးသက်သာတာမလို့ iPhone X ပြီးသွားရင် အကောင်းဆုံး iPhone လို့ ပြောနိုင်ပါတယ်။

iPhone 8 Plus

7. Galaxy S9

တကယ်တမ်း တွေးကြည့်ရင် မော်ဒယ်အသစ် Galaxy S9 ပိုပြီး အောင်မြင်ရမှာပါ။ အရင် S8 မှာတုန်းက Complain တက်ခဲ့တဲ့ အားနည်းချက်တွေ Samsung အလေးနက်ထား ပြင်ဆင်ခဲ့ပေမယ့် S8 လောက်တောင် ရောင်းအား မကောင်းခဲ့ပါဘူး။ စွမ်းဆောင်ရည်ပိုင်းမှာ အပြစ်ပြောစရာမရှိသလို ကင်မရာပိုင်းမှာလည်း Single တလုံးထဲနဲ့ အရည်သွေးမြင့် ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ဒါပေမယ့်လည်း Samsung အထူးတလည်ပြင်ဆင်ခဲ့တဲ့ Galaxy S9 ဖုန်းက စိတ်ဝင်စားမှုနည်းပါးခဲ့ပါတယ်။

Galaxy S9

6. Huawei P20 Pro

P20 တွေ ဘယ်လောက်စွာသလဲ မစွာသလဲဆိုတာကို ၂၀၁၈ စာမျက်နှာပြန်လှန်ကြည့်လိုက်ရင် အကောင်းဆုံးဖုန်းလို့ ရည်ညွန်းထားတာကို တွေ့ရမှာပါ။ Triple Camera Setup နဲ့ ကင်မရာ ကောင်းမွန်တဲ့ဖုန်းအဖြစ် လူကြိုက်များခဲ့သလို သမိုင်းတလျှောက် အကြီးမားဆုံးပြိုင်ဖက်ဖြစ်တဲ့ Apple စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တယ်။

P20 Pro

5. Galaxy Note 9

Samsung ထုတ် Galaxy Note 9 ကတော့ လက်ရှိ Android ဖုန်းအားလုံးမှာ အကောင်းဆုံးလို့ ယေဘူယျပြောလို့ရပါတယ်။ ထူးထူးခြားခြား Bluetooth Function ပါဝင်လာတဲ့ S Pen နဲ့ 4,000 mAh ဘက်ထရီက ထင်ရှားတဲ့အားသာချက်လို့ ပြောနိုင်ပြီး ဒေါ်လာ ၁၀၀၀ ဝန်းကျင်မှာ iPhone X ထက် အစစအရာရာ ပိုအသာစီးရတဲ့ အနေထားမှာရှိနေပါတယ်။ နောက်ပြီး Desktop တခုလို သုံးလို့ရတဲ့အပြင် လက်ရှိစမတ်ဖုန်းအားလုံးမှာ အကောင်းဆုံး Display ပိုင်ဆိုင်ထားတယ်လို့ DisplayMate ထုတ်ပြန်ပေးထားပါတယ်။ ဒါပေမယ့် Note 9 ကို ကြည့်လိုက်ရင် ဘေးဘောင်တွေ မပါးပါးအောင် ဖြတ်ထုတ်ထားသလို ခံစားရပြီး Galaxy ဖုန်းချင်းယှဉ်လိုက်ရင် ပုံတုံးကြီးဖြစ်နေပါတယ်။

Galaxy Note 9

4. iPhone X

Apple အကြီးအကျယ် ဖန်တီးခဲ့တဲ့ iPhone X က အဆုံးမသတ်နိုင်တဲ့ Notch စစ်ပွဲစလမ်းခင်းခဲ့သလို ဒေါ်လာ ၁၀၀၀ ကျသင့်မယ့် အဓိကအချက်က Face ID အတွက်ပဲလားဆိုတဲ့ မေးခွန်းနဲ့ပဲ အဆုံးသတ်သွားခဲ့ပါတယ်။ iPhone မှာ ပထမဦးဆုံး OLED Display စသုံးလာခဲ့သလို ကင်မရာနဲ့ စွမ်းဆောင်ရည်တွေက ပိုဈေးသက်သာတဲ့ iPhone 8 Plus နဲ့ မတိမ်းမယိမ်းပါပဲ။

iPhone X

3. Galaxy S9 Plus

Galaxy Note 9 ကို S Pen နဲ့ 4,000 mAh ဘက်ထရီ ထည့်မပေးဘူးဆိုရင် S9 Plus မော်ဒယ်အသစ်လို့ပဲ လက်ခံမိကြမှာပါ။ iPhone X လို ဒေါ်လာ ၁၀၀၀ လောက် ပေးမသုံးချင်ဘူးဆိုရင် ပိုပြီးဈေးသက်သာတဲ့ S9 Plus က အသင့်တော်ဆုံး ရွေးချယ်မှုပါ။ Note 9 လို Dual Camera သုံးထားသလို Secondary Camera နဲ့ပုံရိပ်တွေ ၂ဆ Zoom ဆွဲ ရိုက်ကူးနိုင်ပါတယ်။ နောက်ပြီး S9 ထက် Memory ပိုများသလို ဒေါ်လာ ၇၄၀ ပဲကျသင့်မယ့်အချက်က S9 Plus ကို ဒုတိယ ရွေးချယ်ဖို့အသင့်ဆုံး စမတ်ဖုန်းဖြစ်သွားစေပါတယ်။

Galaxy S9 Plus

2. OnePlus 6

ဒီ OnePlus 6 ကိုတော့ Flagship Killer လို့ အပြောများတာ သိကြမှာပါ။ သူ့မှာ Wireless Charging မပါလာဘူးဆိုမယ့် စွမ်းဆောင်ရည်လည်းကောင်း၊ ကြည်လင်တောက်ပတဲ့ Screen ပါဝင်လာတာက Flagship တလုံးအတွက် လုံလောက်မှုရှိပါတယ်။ နောက်ပြီး သုံးထားတဲ့ Oxygen OS က Pure Android နီးပါးကောင်းမွန်တာမလို့ တခြား Flagship ဖုန်းတွေနဲ့ စာရင် ပိုပြည့်စုံပါတယ်။ အဲ့ဒါထက် ဈေးလည်းပိုသက်သာ၊ ဖုန်းကိုကြည့်လိုက်တာနဲ့ ဆွဲဆောင်မှုလည်းရှိ၊ ကြိုးမဲ့အားသွင်းစနစ် မပါဘူးဆိုတာတောင် Dash Charging နဲ့ Android ဖုန်းအားလုံးမှာ အမြန်ဆုံးအားသွင်းပေးနိုင်တာမလို့ OnePlus 6 ကို ဦးစားပေး ရွေးချယ်သင့်တယ် ပြောရင်မမှားပါဘူး

OnePlus 6

1. Google Pixel 3

လက်ရှိ DxOMark Selife ရမှတ်မှာ ၉၄ မှတ်နဲ့ ဦးဆောင်နေတဲ့ Pixel 3 ကိုတော့ ချန်လှပ်ထားခဲ့လို့မရပါဘူး။ သိပြီးတဲ့အတိုင်း A.I ပိုင်းမှာ ဆရာဖြစ်နေတဲ့အတွက် Single Camera တစ်လုံးထဲနဲ့တင် ၁၀၁ မှတ်ရထားလို့ လက်ရှိမှာ အကောင်းဆုံး စမတ်ဖုန်းပါပဲ။