အခုတလော ကားတိုက်မှု၊ကားမှောက်မှု သတင်းတွေ ကြားရတာ စိတ်မချမ်းသာစရာတွေ ချည်းပါပဲဗျာ။ အဲဒီတော့ ဒီလိုကားအက်ဆီးဒင့် တွေ ဘာကြောင့် ဖြစ်ရတယ်၊ မဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာကို အခရာက ရှာဖွေပြီး ဝေမျှလိုက်ပါတယ်။

 

၁။ ကားမောင်းရင်း တခြားအလုပ်တစ်ခုခုလုပ်နေခြင်း

ကားအက်ဆီးဒင့် ဖြစ်ရခြင်းမှာ အများဆုံးနဲ့ နံပါတ် ၁ အကြောင်းရင်းကတော့ ကားမောင်းရင်း တခြားအလုပ်တစ်ခုခုကို လုပ်နေခြင်းကြောင့်ပါပဲ။ ဖုန်းပြောနေခြင်း၊ Msg ပို့နေခြင်း၊ ကားမောင်းရင်း TV ကြည့်နေခြင်း၊ စာဖတ်ခြင်း၊ နောက်လူကို လှည့်စကားပြောခြင်း၊ ကလေးငယ်ပါလာလျှင် ထိန်းကျောင်းနေရခြင်း တို့ဟာ ကားမောင်းနေတာကို အာရုံမစိုက်မိတော့ဘဲ ကားအက်ဆီးဒင့်ကို အလွယ်တကူဖြစ်စေပါတယ်။

၂။ အရှိန်များခြင်း

ဟိုင်းဝေးတွေမှာ တွေ့ရ အများဆုံးပါပဲ။ အမြန်နှုန်းကန့်သတ်ချက်မရှိ မောင်းကောင်းကောင်းနဲ့ ဟိုင်းဝေးလမ်းတွေမှာ မောင်းတာဟာ ကားအက်ဆီးဒင့် ဖြစ်ဖို့ အလွယ်ကူဆုံး အချက်ပါ။ အရှိန်မြန်လေ၊ တစ်ခုခုဖြစ်ရင် တုံ့ပြန်ဖို့ အချိန်နည်းလေလေ ဆိုတာ သတိပြုပါ။

၃။ အရက်သောက်ပြီး ကားမောင်းခြင်း

အရက်မူးလာပြီဆိုတာနဲ့ သင့်ရဲ့ မြင်နိုင်စွမ်းအားနဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းအား လျော့ကျသွားပါတယ်။ ဒါဟာ အန္တရာယ်အကြီးဆုံးအချက်ဖြစ်တယ်ဆိုတာ ကမ္ဘာတဝှမ်းက အရက်မူးပြီး ကားတိုက်တဲ့ ဖြစ်စဉ်တွေ နေ့တိုင်းဖြစ်နေတယ်ဆိုတာနဲ့ သက်သေပြနိုင်ပါတယ်။

၎။ အဆင်ခြင်မဲ့ ကားမောင်းခြင်း

ရှေ့မကြည့်၊နောက်မကြည့်နဲ့ ကားလမ်းကြောင်းပြောင်းတာတွေ၊ ကားလမ်းပိတ်ရင် စိတ်မရှည်ဘဲ ဘေးကားမကြည့် ဟိုတိုးဒီတိုးလုပ်တတ်တဲ့ အဆင်ခြင်မဲ့ ကားမောင်းသူတွေကြောင့်လည်း ကားတိုက်မှုတွေ နေ့စဉ်နဲ့ အမျှ ဖြစ်နေရပါတယ်။

၅။ မိုးရွာထဲ ကားမောင်းခြင်း

ရာသီဥတုဆိုးရွားနေတဲ့ အချိန်မှာ ကားအက်ဆီးဒင့် ပိုဖြစ်လွယ်ပါတယ်။ အထူးသဖြင့် မိုးရွာလိုက်တာနဲ့ စလစ်ဖြစ်ပြီး လမ်းချော်ဖို့ ပိုလွယ်ပါတယ်။

၆။ မီးနီဖြတ်မောင်းခြင်း

အလျင်လိုတာတော့ လိုတာပေါ့လေ။ ဒါပေမယ့် မီးနီဖြတ်မောင်းခြင်းဟာ အသက်အန္တရာယ်ဖြစ်စေတဲ့ အလျင်လိုမှုကြီးပါ။ အကယ်၍ မီးစိမ်းလို့ ဖြတ်တယ်ဆိုရင်တောင် နှစ်ဘက်စလုံးက လာမယ့် ကားတွေကို သေချာအောင် ကြည့်သင့်ပါသေးတယ်။

၇။ လမ်းပြောင်းပြန်မောင်းနှင်ခြင်း

လမ်းပြောင်းပြန်မောင်းနှင်တယ်ဆိုတာ ဒီတိုင်းတောင် အန္တရာယ်များတဲ့ အပြင် ဟိုဘက်ခြမ်းက ကားကျော်တက်လာချိန်နဲ့ ကြုံရင် ကားအက်ဆီးဒင့်ဖြစ်မှုကို ဦးတည်စေပါတယ်။

၈။ ရှေ့ကားနှင့် ကပ်လိုက်ခြင်း

ကားမောင်းသူ အတော်များများဟာ ရှေ့ကားနဲ့ အကွာအဝေးတစ်ခုခွာထားရမယ်ဆိုတာ သိပေမယ့် တကယ်တမ်းတော့ မလိုက်နာကြပါဘူး။ ဆိုးဆိုးရွားရွား ကားတိုက်မှု အတော်များများဟာ ရှေ့ကားက အကြာင်းအမျိုးမျိုးကြောင့် ဒက်စတော့ ဘရိတ်အုပ်တဲ့ အချိန်မှာ နောက်ကနေ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်မိကြတာပါ။

၉။ ဆေးသုံးစွဲပြီး ကားမောင်းခြင်း

အရက်မှ မဟုတ်ပါဘူး၊ ဆေးသုံးထားပြီး ကားမောင်းခြင်းဟာလည်း လိုအပ်တဲ့ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် မချနိုင်တဲ့ အပြင် ထင်ယောင်ထင်မှားတွေပါ ဖြစ်စေလို့ ကားတိုက်မှု ဖြစ်နိုင်ပါတယ်။

၁၀။ စိတ်တိုပြီး ပြိုင်မောင်းခြင်း

ကားမောင်းနေရင်း ဘေးကားနဲ့ စိတ်အခန့်မသင့်ဖြစ်တယ်ဆိုတာ ဖြစ်နေကျပါပဲ။ ကိုယ့်ကို ပြောသွားတဲ့ ကားကို အတင်း အပြိုင်လိုက်မောင်းပြီး ရန်တွေ့ဖို့ လုပ်တာတို့၊ မီအောင် အတင်းလိုက်မောင်းတာတို့ဟာ ကားတိုက်မှုဖြစ်စေတဲ့ အကြောင်းတွေထဲက တစ်ချက်ပါ။

 

You May Also Like : “ဘယ်ဦးထုပ်ကို ဆောင်းပါ့မယ်၊ မှန်မှန်ဖြေပါကွယ်

 

၁၁။ ချိုင့်များ

ချိုင့်တွေ ရှိတဲ့ လမ်းမှာ ကားမောင်းရရင် ပိုသတိထားပါ။ ချိုင့်ကို ရှောင်ရင်း ကားမှောက်ရတာတွေ၊ အရှိန်ပြင်းပြင်းမောင်းလာရင်း ချိုင့်ထဲ ကျလို့ အရှိန်မထိန်းနိုင်ဘဲ မှောက်တာတွေ ရှိတတ်လို့ပါ။

၁၂။ အိပ်ချင်နေလျက်နဲ့ ကားမောင်းခြင်း

အိပ်ချင်မူးတူးဖြစ်နေချိန်မှာ ကားမောင်းတာ အရမ်းအန္တရာယ်များတဲ့ အလုပ်ပါ။ အိပ်ငိုက်လို့ ဖြစ်တဲ့ ကားတိုက်မှုတွေဟာ ညဘက်မှာ အများဆုံးဖြစ်ပွားခဲ့တာပါ။ စတီယာရင်ပေါ် ငိုက်ကျတဲ့ အထိ အိပ်ငိုက်နေပြီဆိုရင် လွတ်လွတ်ကျွတ်ကျွတ်လမ်းဘေးတစ်နေရာထိုးရပ်ပြီး နာရီဝက်လောက် ခဏအိပ်လိုက်တာ အကောင်းဆုံးပါ။

၁၃။ ကားဘီးပေါက်ခြင်း

ခုနောက်ဆုံးဖြစ်သွားတဲ့ အမြန်လမ်းကားအက်ဆီးဒင့်က အစ ကားဘီးပေါက်ခြင်းကြောင့် ဖြစ်ရတာပါ။ ဟိုင်းဝေးသွားတဲ့ လမ်းတော်တော်များများမှာ ကားဘီးပေါက်စေနိုင်တဲ့ အမှိုက်အစအနတွေ ရှိနေတတ်ပါတယ်။ ကားဘီးပေါက်ပြီဆိုတာနဲ့ ကားကို ထိန်းချုပ်လို့ မရတော့တဲ့ အတွက် ခရီးမသွားခင် ကားကို သေချာစစ်ဆေးခြင်း၊ ခဏမောင်းပြီးတိုင်း ရပ်ပြီး တာယာစစ်ဆေးခြင်း၊ မျက်စိရှင်ရှင်နဲ့ ကားဘီးပေါက်စေမယ့် အရာဝတ္ထုတွေကို ရှောင်မောင်းခြင်းစတာတွေကို လုပ်သင့်ပါတယ်။

၁၄။ မြူနဲ့ ရှေ့မြင်ကွင်း မရှင်းခြင်း၊ မှန်မကြည်ခြင်း

အထူးသဖြင့် ခုလို ဆောင်းတွင်းမနက်ခင်းကားမောင်းဖြစ်ရင် မြူတွေကြောင့် ရှေ့မြင်ကွင်းကို ကောင်းကောင်းမမြင်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒါမျိုးဆိုရင်တော့ ရှေ့မီးကြီးထိုးပြီးတော့ ဖြည်းဖြည်းမှန်မှန်သာ မောင်းနှင်ခြင်းနဲ့ ကားမတော်တဆဖြစ်မှုကို ကာကွယ်နိုင်ပါတယ်။

၁၅။ အန္တရာယ်ကွေ့များ

ကားအက်ဆီးဒင့် အတော်များများက အကွေ့တွေမှာဖြစ်ကြတာပါ။ တစ်ချို့ကွေ့တွေဟာ တံတောင်ဆစ်ချိုးကွေ့ရတာတွေ၊ မျက်ကွယ်က တက်လာမယ့် ကားကို မမြင်နိုင်တာတွေ၊ ဒီဂရီအများကြီးချိုးပြီး ကွေ့ရတာတွေ ရှိပါတယ်။ ဒီလို အကွေ့တွေမှာ ကားတိုက်မှုဖြစ်လွန်းလို့ အန္တရာယ်ကွေ့ ဒါမှ မဟုတ် သေမင်းတမန်ကွေ့လို့တောင် ခေါ်တတ်ကြပါတယ်။ ဒီတော့ အကွေ့ရှိသည်လို့ အမှတ်အသားတွေ့တာနဲ့ အရှိန်လျှော့ချပြီး သတိကြီးကြီးထားပြီး မောင်းဖို့ အကြုံပြုချင်ပါတယ်။

၁၆။ လမ်းပေါ် တိရိစ္ဆာန်ဖြတ်ပြေးခြင်း

ဟိုင်းဝေးတို့၊ တောလမ်းမောင်းရင် လမ်းပေါ် ခွေးဖြတ်ပြေးတာတို့၊ နွားဖြတ်ကူးတာတို့ ကြုံဖူးမှာပါ။ အဲဒီတော့ အတတ်နိုင်ဆုံး သတိထားပြီး မောင်းနှင်တာ အကောင်းဆုံးပါ။

၁၇။ ကားပြိုင်မောင်းခြင်း

Fast & Furious ရုပ်ရှင်တွေ ကြည့်ပြီး စိတ်ကူးမယဉ်ပါနဲ့။ မြန်မာနိုင်ငံလို ကားပြိုင်ကွင်းကျကျနနမရှိတဲ့ နိုင်ငံမျိုးမှာ လမ်းပေါ် ကားပြိုင်မောင်းတာ ကိုယ်တင် အန္တရာယ်ရှိတာ မဟုတ်ဘဲ တခြားသူတွေကိုပါ အန္တရာယ်ဖြစ်စေမှာပါ။ ဥပမာ လှည်းတန်းလမ်းဆုံက အမှုလို အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဈေးသည်တွေကို ဝင်တိုက်မိတာမျိုးတို့ပေါ့။

 

အခရာပရိသတ်ကြီးလည်း ကားအက်ဆီးဒင့်ဖြစ်စေနိုင်တဲ့ တခြားအကြောင်းအရင်းတွေကို သိသေးရင် Comment Box မှာ ပြောပြပေးသွားပါဦး။

 

ရိုးလူ (အခရာ)
www.akhayar.com

Ref : www.seriousaccidents.com