မြန်မာပြည်မှာတော့ ကြက်ဥစား၊ အားရှိတယ် ဆိုပြီး ပြောနေကြပါ၊ ကြက်ဥကိုလည်း အားရှိစေတဲ့ အစားအစာအဖြစ် သတ်မှတ်ပြီးသားပေမယ့် ကြက်ဥဟာ တကယ်တော့ လူ့ခန္ဓာကိုယ်အတွက် အားရှိရုံထက် ပိုပါတယ်။ ဘာလို့လဲဆိုတော့ ကြက်ဥ၊ဘဲဥတွေမှာ အာဟာရဓာတ်များစွာ ပါလို့ပါပဲ။

နေ့စဉ်စားနေကျ အစားအစာစာရင်းထဲမှာ ကြက်ဥကို ပါအောင် ထည့်သွင်းစားသုံးပေးပါ။ ကြက်ဥမှာ ပရိုတိန်း၊ အမိုင်နိုအက်ဆစ်၊ သံဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဒီတော့ အားကစားသမားတွေနဲ့ ကြွက်သားတက်အောင် ဆော့နေတဲ့ သူတွေ အတွက်လည်း ကောင်းတယ်ပေါ့ဗျာ။

ပြီးတော့ ကြက်ဥစားရင် အကာပဲ စားတာတို့၊ အနှစ်ပဲ စားတာတို့ မလုပ်ပဲနဲ့ အကာရော၊ အနှစ်ရော စားသင့်ပါတယ်။ ကြက်ဥအနှစ်မှာ Choline လို့ ခေါ်တဲ့ အဆီတွေကို ချေဖျက်ပေးတဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အတွက Choline ဟာ မွီးတို့၊ ကွီးတို့ ခန္ဓာကိုယ်မှာ ပိုနေတဲ့ ပေါင်ပိုတွေကို  တိုက်ဖျက်ဖို့ အတွက် လိုကို လိုအပ်ပါတယ်။

အဲ .. အဲ.. စားဆိုတာနဲ့ တစ်ခုတော့ သတိထားဦးဗျနော်။ တရုတ်ပြည်ဘက်က အင်ကြက်ဥ (ကြက်ဥအတု)တွေတော့ မစားမိစေနဲ့နော်၊ သဘာဝ Organic ကြက်မက ဥတာလေးသာ စားဗျ။ 😀

ကြက်ဥသာ အတင်းစားခိုင်းနေတာ ဘာလို့ ကြက်ဥစားသင့်တာလဲမေးရင် ကြက်ဥက ပေးတဲ့ ကောင်းကွက် ၁၁ ချက်လောက် ရှိပါတယ်။

 

၁။ ကြက်ဥက အသက်ရှည်စေမှာပါ။

လူ့ခန္ဓာကိုယ်ဟာ Amino Acids ၁၁ မျိုး ထုတ်လုပ်ပေးပြီး ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းကောင်းလုပ်ဆောင်ဖို့ ဆိုရင် နောက်ထပ် ၉ မျိုးလောက် လိုအပ်ပါတယ်။ ကြက်ဥက ဒီလိုအပ်တဲ့ အက်ဆစ်ဓာတ် ၉မျိုးကို ပေးစွမ်းနိုင်ပါတယ်။ ဒီ Fatty Acid တွေ မရှိတာဟာ ကြွက်သားလျော့ရဲခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ အလွယ်တကူမောပန်းလွယ်ခြင်း၊ ဆံပင်ကျွတ် ဆံပင်မသန်စေခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

 

၂။ ကိုလက်စထရောတွေကို ထိန်းညှိပေးတယ်။

ကိုလက်စထရောမှာ ကောင်းတဲ့ ကိုလက်စထရောတွေနဲ့ ဆိုးတဲ့ ကိုလက်စထရော ဆိုပြီး ရှိတဲ့အထဲမှာ ကြက်ဥကတော့ ကိုလက်စထရောတွေကို ထိန်းညှိပေးပြီး ကောင်းတဲ့ ကိုလက်စထရောတွေကို အားပေးစေပါတယ်။

 

၃။ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးပါတယ်။

တစ်နေ့ကို ကြက်ဥ ၁လုံး သို့ ၂လုံး စားပေးခြင်းဟာ ပြင်ပက လာမယ့် ရောဂါတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ကူးစက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ Selenium ပမာဏရဲ့ ၂၂ ရာခိုင်နှုန်းဟာ ကြက်ဥမှာ ပါရှိပါတယ်။ ဒီ အာဟာရဓာတ်ဟာ ကိုယ်ခံစွမ်းအားကို သန်စွမ်းစေပြေီး Thyroid Hormone တွေကိုလည်း ထိန်းညှိပေးပါတယ်။

 

၎။ ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ်။

ကြက်ဥမှာ ပါတဲ့ Choline ဟာ ခန္ဓာကိုယ်ရဲ့ အာဟာရတန်ဖိုးနဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။  ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို လုပ်ဆောင်တဲ့ Acetylcholine ပေါင်းစပ်မှုအတွက်လည်း Choline ဟာ လိုအပ်ပါတယ်။သုတေသနပြုမှုအများအပြားအရ Choline လျော့ကျခြင်းဟာ အာရုံကြောချို့ယွင်းမှုနဲ့  သိမြင်မှုဆိုင်ရာစွမ်းရည်ကိုလည်း ချို့တဲ့မှုဖြစ်စေပါတယ်။

 

၅။ ကြက်ဥဟာ သွားတွေ၊ အရိုးတွေကို သန်စွမ်းစေပါတယ်။

ကြက်ဥဟာ Vitamin D ကို ဖြစ်စေတဲ့ ရှားပါးတဲ့ သဘာဝအစားအစာတစ်ခုထဲမှာ ပါဝင်ပြီးတော့ Vitamin D ဟာ သွားတွေနဲ့ အရေပြားအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ ကြက်ဥဟာ Calcium စုပ်ယူမှုကို အားပေးပြီး အဲ့ဒါဟာ နှလုံး၊ အူမကြီးနှင့် ဇီဝကမ္မဖြစ်စဉ်တွေအတွက် အထူးကောင်းမွန်စေပါတယ်။

 

၆။ ကြက်ဥဟာ အသားအရေနဲ့ ဆံသား ကောင်းမွန်မှုကို အားပေးပါတယ်။

ကျန်းမာရေးမကောင်းမွန်ဘူးဆိုရင် ဆံစတွေရော၊ အသားတွေရော ခြောက်သွေ့နေမှာပါ။ ကြက်ဥမှာ ဗီတာမင်ဓာတ်တွေဖြစ်တဲ့ B2 ၊ B5 နဲ့ B12 တို့ ပါဝင်တော့ ဒီ B အုပ်စုဝင် ဗီတာမင်တွေဟာ ခင်ဗျားတို့ရဲ့ ဆံပင်၊ အသားအရေနဲ့ မျက်စိကို အားဖြည့်ပေးမှာပါ။ ဒါတင်မဟုတ် အသည်းနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကိုလည်း တိုးတက်စေပါသေးတယ်။

 

၇။ အမြင်အာရုံကို အားကောင်းစေပါတယ်။

ကြက်ဥအနှစ်မှာ Lutein နဲ့ Zeaxanthin ဓာတ်တွေ ပါဝင်ပါတယ်။ ဒီဓာတ်တွေဟာ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အမြင်အာရုံမှုန်ဝါးမှုနှင့် ချို့တဲ့မှုကို လျော့ကျစေပါတယ်။ အမေရိကန်အာဟာရဂျာနယ်တစ်ခုက သုတေသနပြုမှုအရ ကြက်ဥအနှစ်ကို ပုံမှန်စားသုံးပေးမှုဟာ Zeaxanthin level ကို ၁၁၄-၁၄၂ ရာခိုင်နှုန်းမြင့်တက်စေပြီး Lutein Level ကိုတော့ ၂၈-၅၀ ရာခိုင်နှုန်းထိ မြင့်တက်စေပါတယ်။

 

၈။ ဝိတ်ကျစေပါတယ်။

မယုံမရှိပါနဲ့။ ဝိတ်ချဖို့ ကြိုးစားနေတယ်ဆိုရင် ကြက်ဥဟာ တကယ့်အဖော်မွန်ပါပဲ။ ကြက်ဥဟာ အဆီတွေကို လောင်ကျွမ်းစေဖို့နဲ့ ပိုနေတဲ့ ပေါင်ချိန်တွေကို လျော့ကျစေဖို့ ကူညီနိုင်ပါတယ်။

၈ ပတ်ကြာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ မနက်စာထဲ ကြက်ဥထည့်စားတဲ့ သူတွေဟာ မစားတဲ့ သူတွေထက် ၆၅ ရာခိုင်နှုန်း ဝိတ်ပိုကျစေပါတယ်တဲ့။ ဒါတင်မဟုတ်ဘဲ အဆီ ၁၆ ရာခိုင်နှုန်းနဲ့ BMI ညွှန်းကိန်းလည်း ၆၁ ရာခိုင်နှုန်းကျသွားစေပြီး ခါးအတိုင်းအတာကိုလည်း ၃၄ ရာခိုင်နှုန်း လျော့ကျစေမှာပါ။

 

၉။ အလွယ်တကူ ဗိုက်ပြည့်စေပါတယ်။

ကြက်ဥဟာ ပရိုတိန်းကြွယ်ဝတဲ့ အစားအစာပါ။ သုတေသနပြုမှုတွေ အဆိုရ ပရိုတိန်းမြင့်မားတဲ့ အစားအသောက်တွေဟာ အစာစားချင်စိတ်ကို ဖြေဖျောက်ပေးပါတယ်။ အစားအစာတွေရဲ့ အမြန်ဗိုက်ပြည့်လွယ်စေနှုန်းညွှန်းကိန်းကို ကြည့်လိုက်ရင် ကြက်ဥဟာ အမြဲထိပ်တန်းနေရာမှာပဲ ရှိပါတယ်။

 

၁၀။ စိတ်ဖိစီးမှုနဲ့ ပူပန်သောကတွေကို လျှော့ချပေးပါတယ်။

အပေါ်မှာပြောခဲ့တဲ့ အတိုင်း Amino Acids ၉ မျိုးဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတဲ့အတွက် ကြက်ဥစားသုံးခြင်းဟာ စိတ်ဖိစီးမှုနဲ့ ပူပန်သောကကိုလည်း လျော့ကျစေတာအမှန်ပါ။

 

၁၁။ စွမ်းအင်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။

ဗီတာမင် B2 ဒါမှ မဟုတ် Riboflavin နဲ့ တခြား ဗီတာမင်တွေဟာ သင့်ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်တွေကို ကောင်းမွန်စေပါတယ်။ ကြက်ဥတစ်လုံးမှာ နေ့စဉ်လိုအပ်တယ်လို့ ညွှန်းထားတဲ့ ဗီတာမင် B2 ပမာဏရဲ့ ၁၅ ရာခိုင်နှုန်းပါဝင်တဲ့အတွက် Energy Booster အနေနဲ့လည်း ကောင်းပါတယ်။

 

ရိုးလူ (အခရာ)

www.akhayar.com