ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးရဲ့ အနာဂတ်ဆိုတာက ဘာဖြစ်မလဲဆိုတာ ကြိုတွေးလို့ မရပါဘူး။ ငယ်ဘ၀မှာ တစ်ဟုန်ထိုး နာမည်ကျော်ခဲ့ပေမယ့် နောက်ပိုင်းကျမှ မထင်မှတ်လောက်အောင် ခြေစွမ်းကျဆင်းပြီး လူမသိသူမသိနဲ့ ကစားသမားဘ၀ဖြတ်သန်းခဲ့ရသူတွေ အများကြီးပါပဲ။ ဒဏ်ရာပြဿနာ၊ ပုံမှန်ခြေစွမ်းမရှိတာ၊ ပြင်ပနေထိုင်မှုဘ၀ အရှုပ်အထွေးတွေကြောင့် ကွင်းတွင်းခြေစွမ်းကျဆင်းပြီး ထိုက်သင့်သလောက် အောင်မြင်မှု မရခဲ့တာလည်းဖြစ်ပါတယ်။ အဲဒါကြောင့် လူငယ်ကစားသမားဘ၀မှာ ထင်ရှားခဲ့ပေမယ့် နောက်ပိုင်းမှာ ထင်သလောက်ဖြစ်မလာခဲ့တဲ့ ကစားသမားများ အပိုင်း(၂)ကို ဆက်လက် ဖော်ပြလိုက်ပါတယ် . .

Yoann Gourcuff

 

ပြင်သစ်ကလပ် Rennes အသင်းနဲ့အတူ ဘောလုံးစင်မြင့်ထက်မှာ ထင်ရှားခဲ့သူ ဂေါ့ကပ်ဖ် Yoann Gourcuff ဟာ သူ့ရဲ့ အကောင်းဆုံးအချိန်မှာ စီးရီးအေထိပ်သီးကလပ် အေစီမီလန်အသင်းရဲ့ တော်ကောက်ခြင်းခံခဲ့ရပါတယ်။ စီးရီးအေမြေမှာ အောင်မြင်မှုတွေ ရယူခဲ့ဖူးတဲ့ ပြင်သစ်ဂန္ထ၀င်ကြီး Zinedine Zidane နောက်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ အားလုံးက မျှော်လင့်ခဲ့ကြပေမယ့် ဂေါ့ကပဖ်ရဲ့ ခြေစွမ်းက မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဘူး။ အဲဒါကြောင့် အေစီမီလန်အသင်းမှာ ၂၀၀၆ ကနေ ၂၀၀၈ ခုနှစ်အထိ (၂)နှစ်ကြာကစားခဲ့ပြီးနောက်မှာတော့ ဘော်ဒိုး၊ လိုင်ယွန်၊ Rennes ၊ ဒီယွန်းစတဲ့ ကလပ်တွေမှာ တ၀ဲလည်လည်ဖြစ်ခဲ့ပြီး အခုအချိန်မှာ အသင်းလက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။

Yevhen Konoplyanka

တစ်ချိန်က ယူကရိန်းအသင်းရဲ့ အနာဂတ်လို့တောင် တင်စားခံခဲ့ရဖူးသူ ကိုနိုပယ်ယန်ကာYevhen Konoplyanka ဟာ ဥရောပထိပ်သီးအသင်းတွေ ပစ်မှတ်ထားခံခဲ့ရတဲ့ ကစားသမားဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဆီဗီလာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး စပိန်မြေမှာ ကိုနိုပယ်ယန်ကာအတွက် ခက်ခဲလွန်းခဲ့ပါတယ်။ အဲဒါကြောင့်ပဲ တစ်ရာသီအကြာမှာ ရှော်လ်ကေးအသင်းဆီ အငှားနဲ့ပြောင်းရွှေ့ခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာတော့ အပြီးသတ်ပြောင်းရွှေ့ခဲ့တယ်။ ဒါပေမဲ့လည်း ကိုနိုပယ်ယန်ကာဟာ ပုံမှန်ခြေစွမ်း ပြန်မရတော့တာကြောင့် အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ကစားခွင့်ရနေပြီး အရည်အချင်းရှိတဲ့ ကစားသမားတစ်ဥိး ဒီလောက်အထိ ကျဆင်းသွားတာက တကယ့်ကို စိတ်မကောင်းစရာပါပဲ။

Jack Wilshere

ဝဲလ်ရှိုင်းယား Jack Wilshere ရဲ့ ကစားသမားဘ၀တစ်လျှောက်မှာ ဒဏ်ရာပြဿနာတွေက ကြီးကြီးမားမားကို ထိုးနှက်ချက်ပြင်းခဲ့တယ်။ သူဟာ အရည်အသွေးရှိတဲ့ ကစားသမားဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့ ဒဏ်ရာကြောင့် မကြာမကြာ အနားယူနေရလို့ “ဖန်နဲ့လုပ်ထားသူ”လို့ နောက်ပြောင်ခံခဲ့ရတဲ့အထိ ဆိုးရွားခဲ့တယ်။ ဘော်လ်တန်၊ ဘုန်းမောက်၊ အခုနောက်ဆုံး ၀က်စ်ဟမ်းအသင်းမှာတောင် ဒဏ်ရာပြဿနာတွေက အဆုံးမသတ်သေးဘဲ လက်ရှိအချိန်မှာလည်း ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။

Alexandre Pato

ဆယ်ကျော်သက်အရွယ်မှာကတည်းက လူသိများထင်ရှားခဲ့တဲ့ ပါတို Alexandre Pato ကလည်း ဒဏ်ရာတွေကြောင့်ပဲ အကောင်းဆုံးဖြစ်ရမယ့်အချိန်မှာ ရုန်းကန်နေရတာပါ။ အေစီမီလန်အသင်းမှာ လူမှုရေးအရှုပ်အထွေး၊ ဒဏ်ရာပြဿနာတွေက ပါတိုရဲ့ ကစားသမားဘ၀ကို ဆွဲချခဲ့ပြီး အဲဒီနောက်ပိုင်း သူလည်း နလန်မထူးနိုင်တော့ပါဘူး။ အခုလက်ရှိအချိန်မှာတော့ တစ်ချိန်တုန်းက သူကျင်လည်ခဲ့ဖူးတဲ့ ဆော်ပေါ်လိုအသင်းနဲ့အတူ ကစားသမားဘ၀ကို အသစ်ပြန်လည်တည်ဆောက်နေပါပြီ။

REF:sportskeeda
Photo:Goal,The Independent,.footballempires,Getty Images
Naing Linn(Akhayar)
www.akhayar.com