ဒေါ့မွန်အသင်းဟာ ဥရောပထိပ်သီးအသင်းတွေ ပစ်မှတ်ထားနေကြတဲ့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဆန်ချို Jadon Sancho ကို တစ်ပတ်လစာ ပေါင်(၁၉၀၀၀၀)အထိ ပေးပြီး နှစ်ရှည်စာချုပ် သက်တမ်းတိုးလိုက်ပါပြီ။ အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ ဆန်ချိုဟာ ၀က်ဖို့ဒ်၊ မန်စီးတီး အကယ်ဒမီတွေမှာ လူငယ်ကစားသမားဘ၀ ဖြတ်သန်းခဲ့ပြီး မန်စီးတီးအသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ မဖြစ်နိုင်တာကြောင့် ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အကယ်ဒမီကစားသမားတစ်ဦးအတွက် မြင့်မားတဲ့လစာငွေအဖြစ် တစ်ပတ်လစာပေါင်(၃)သောင်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဆန်ချိုက ငြင်းဆန်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်လို့ပဲ ပြောရမှာပါ။

အခုဆို ဆန်ချိုဟာ လူငယ်ကစားသမားတွေထဲမှာ လစာငွေအများဆုံးရရှိနေသူတစ်ဦးအဖြစ် ရပ်တည်နိုင်ပြီဖြစ်ပေမယ့် တခြားကစားသမားတွေနဲ့ ယှဉ်ရင်တော့ နည်းပါးလွန်းပါတယ်။ အားကစားကလပ်အသင်းတွေရဲ့ လစာငွေကို စစ်တမ်းကောက်ယူနေတဲ့ Capology.com ရဲ့ ထုတ်ပြန်ချက်အရ ဆန်ချိုဟာ လစာငွေအများဆုံးရရှိနေတဲ့ လူငယ်ကစားသမားစာရင်းမှာ အဆင့်(၉)နေရာသာ ရပ်တည်နေပြီး တကယ်လို့ ချယ်လ်ဆီးလူငယ်ကစားသမား အိုဒွိုင်း Callum Hudson-Odoi သာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ရင် တစ်ပတ်လစာပေါင်(၂)သိန်းအထိ ရရှိမှာဖြစ်တာကြောင့် ဆန်ချိုဟာ အဆင့်(၁၀)ကို ကျဆင်းသွားမှာဖြစ်ပါတယ်။ အံ့အားသင့်စရာကောင်းတာက လူငယ်ကစားသမားတွေထဲမှာ တစ်ပတ်လစာငွေအများဆုံး ရရှိနေသူက PSG အသင်းရဲ့ ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေ Mbappe မဟုတ်ဘဲ ဒီနွေရာသီမှ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ယိုဗစ် Luka Jovic ဖြစ်နေတာပါပဲ။ ရီးယဲလ်အသင်းဟာ ဖရန့်ဖတ်လူငယ်တိုက်စစ်မှူး ယိုဗစ်ကို ပေါင်(၆၂)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ယိုဗစ်ဟာ ရီးယဲလ်အသင်းမှာ တစ်ပတ်လစာပေါင် (၃၆၅၀၀၀)အထိ ရရှိမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းက လူငယ်ကစားသမားတွေထဲမှာ လစာငွေအများဆုံးဖြစ်ခဲ့တဲ့ ဘာပေကတော့ အခု ဒုတိယနေရာကို ကျဆင်းသွားပြီး သူ့ရဲ့တစ်ပတ်လစာကတော့ ပေါင်(၃၂၅၀၀၀)ဖြစ်ပါတယ်။ အခုစာရင်းမှာ ယာအိုဖိလစ် Joao Felix ၊ ဒီလိဂ် Matthijs de Ligt ၊ ပူလီရှစ် Pulisic စတဲ့ နာမည်ကျော်လူငယ်ကစားသမားတွေ ပါဝင်ခဲ့ပြီး နွေရာသီကာလတုန်းက တစ်ပတ်လစာပေါင်(၂)သိန်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် Rashford လည်း ပါဝင်ခဲ့ပါတယ်။

REF:The Sun, Capology
Photo:Real Madrid C.F Facebook,Borussia Dortmund Facebook
Naing Linn(Akhayar)
www.akhayar.com