မိန်းကလေးတွေ ဘာကြိုက်???(မိန်းကလေးများ မဖတ်ရ)

အင်း….ပြောရရင်တော့ အများသားဗျ။ လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုတော့ကာ ၁၀၀ ရာခိုင်နှုန်း တော့ မှန်ချင်မှ မှန်မှာ ဖြစ်ပေမယ့် မိန်းကလေးအများစု နှစ်သက်တတ်တာလေးတွေကတော့ တူလေ့ရှိတယ်ခမျ။ သူတို့ သဘောကျတတ်တာလေးတွေ၊ မြတ်နိုးတတ်တာလေးတွေ၊ ချစ်တတ်တာလေးတွေ က ဆန်းတာလေးတွေရှိသလို ချစ်ဖို့ကောင်းတာလေးတွေပါရှိရဲ့။ အသက်အရွယ်အရ ပြောင်းလဲသွားတာလေးတွေလဲ ရှိလိုက်သေးတာဗျ။ ကျနော် တွေ့ကြုံဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက် ပတ်သက်ခဲ့ဖူးတဲ့ မိန်းကလေးတွေရဲ့ အကြိုက်လေးတွေကို မျှဝေပေးပါရစေ။ သူတို့နဲ့ တွဲနေသူကို သူတို့ ကြိုက်တတ်တာလေးတွေ ၊ဖြစ်စေချင်တာလေးတွေက၊ ခိုက်တတ်တာလေးတွေ က ဘာတွေများဖြစ်မလဲ?

 

နားထောင်ပါ

နည်းနည်းပြော ၊ များများနားထောင်ဗျို့။ သူတို့လေးတွေမှာက အမြဲတမ်း ပြောပြစရာလေးတွေက ရှိနေတတ်တာကလား။ ကိုရီးယားဇာတ်လမ်းတွဲထဲက စိတ်ပုတ်မအကြောင်းကအစ၊သူတို့ရုံးက Admin အပေါက်ဆိုးတာကအလယ်၊ဆံပင်နဲနဲလေး တိရုံတိပေးဆိုတာကို ဆိုင်က အများကြီး ညှပ်ထည့်လိုက်လို့ ၂ပတ်လောက်ကတော့ ရုပ်ဆိုးပါပြီကွာ ကအဆုံး သီကာပတ်ကုံးပြောပြတတ်လေ့ရှိသဗျ။ ဆုံးတဲ့အထိ နားထောင်ပေးပြီးမှ အကြံပေးသင့်တာပေး၊ဒေါသထွက်စရာရှိ လိုက်ထွက်ပေး၊ ဟာသဆို လိုက်ရယ်ပေးကိုယ့်လူတို့ရေ။ သူတို့လေးတွေပြောလို့ဝမှ ကိုယ်ပြောချင်တာလေးတွေပြောပေါ့။ ဦးစားပေးတတ်တဲ့ ချစ်သူကို မကြည်ဖြူတဲ့သူ မရှိတာတော့ အသေအချာပါပဲ။

 

မှတ်ညဏ်

မှတ်ညဏ် ဆိုလို့ ချစ်သူရှေ့မှာ ၁၈ အလီကြီးကို ဖင်ပြန်ခေါင်းပြန် ရွတ်ပြမနေနဲ့ဦး။ ကျနော်ပြောတဲ့ မှတ်ညဏ်က သူတို့လေးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို မှတ်သားထားဖို့ပါ။ သူတို့လေးတွေနဲ့ပတ်သက်လို့ သေးသေးမွှားမွှားလေးကအစ မှတ်မိနေရင် သိပ်သဘောကျတတ်ကြတာ။ ဘယ်နေ့မှာ စတွေ့တာ၊ ဘယ်တုန်းက စပြီး crush သွားတာ၊ အဖြေပေးတဲ့နေ့တုန်းက အဖြူရောင် blouse အကျီင်္လေးရယ်၊ မိုးပြာရောင်ပေါ်မှာမှ အဖြူရောင်ပန်းပွင့်လေးတွေ နဲ့ထဘီလေး  ဝတ်ထားတာ အရမ်းလှတဲ့ အကြောင်းကိုမှတ်မိနေတာ၊ နေ့ဟူသမျှ မှတ်မိတာ( မွေးနေ့၊လပတ်လည်နေ့၊နှစ်ပတ်လည်နေ့ ) ၊ ကြိုက်တတ်တဲ့ အစားအသောက်လေးတွေ ကိုသိနေတာ စသည် ၊ စသည် ပေါ့ဗျာ။ မေ့တတ်ရင်လဲ စာအုပ်ထဲမှာ ချသာရေးထား။ ချရေးထားတဲ့ စာအုပ် ကိုပါ ဘယ်နားထားမိမှန်းမသိ မေ့သွားရင်တော့ သေပြီ ဆြာ 🙂 ။

 

လျှို့ဝှက်စက်ကွင်း

Secret spot လို့ပဲဆိုကြပါစို့။ ချစ်သူတွေ ဘာသာဘာဝ နမ်းရှုံ့ကြတဲ့အခါ များသောအားဖြင့်ကတော့ ပါး ၊ နှုတ်ခမ်း ပေါ့။ ဒါပေမယ့် လျှို့ဝှက်စက်ကွင်း ဆိုတဲ့ စက်ကွင်းလေးက သတ်သတ်ရှိသေးသဗျ။ ပါး ၊ နှုတ်ခမ်းတွေ အပြင်ပေါ့။ မိန်းကလေး တော်တော်များများနီးပါးမှာ သူတို့ထုတ်မပြောတဲ့ လျှို့ဝှက်စက်ကွင်း နေရာလေးတွေရှိတတ်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူးပေါ့ဗျာ။ တစ်ချို့က နဖူးလေးပေါ် ဖွဖွလေး နမ်းရင် သဘောကျတာရှိသလို နားရွက်လေးကို ဖွဖွလေးကိုက်ပေးရင် သဘောကျတာမျိုးရှိရဲ့။ တစ်ချို့က ဂုတ်နားမှာ ကျနေတဲ့ ဆံပင်လေးတွေဖယ်ပြီး ယုယတာကို နှစ်သက်ကြသလို လည်ပင်းလေးကိုအကြင်နာပေးပါမှ သာယာလူးလွန့်တာမျိုးလေးတွေလည်း ရှိတတ်တယ်။ အဓိက ကတော့ ကိုယ့်ကောင်မလေးရဲ့ လျှို့ဝှက်စက်ကွင်း ကိုရှာဖွေသိရှိဖို့ပါပဲ။ သူတို့ကတော့ ကျွန်မရဲ့ လျှို့ဝှက်စက်ကွင်း ကတော့ ဒီမှာပါလို့ ဖွင့်ပြောကြမှာ မဟုတ်လို့ပါ။

 

အကျီင်္ဖြူ – ယော/ကချင်ပုဆိုး

မိန်းကလေး တော်တော်များများ နှစ်သက်တဲ့ Fashion လို့ပဲ ဆိုကြပါစို့။ အလှူအတန်းပွဲတို့၊ဘုရားတို့ သွားဖို့ရှိလာပြီဆိုရင် “မောင်ရေ..အကျီင်္ဖြူ လေးနဲ့ ယောပုဆိုးလေး ဝတ်ခဲ့ပါလား” ဆိုတာမျိုး တောင်းဆိုတတ်ကြတယ်။ ဝတ်ပေးသွားရင်လည်း “အမယ်…မောင်က ဒီလိုကျပြန်တော့ သန့်လို့ပဲ” ဆိုတာမျိုးကို ပေါ်တင်ချီးကျူးလေ့ရှိပါတယ်။ ဒါတင်မကသေးပဲ မောင်ဝတ်ဖို့ဆိုပြီး ယောပုဆိုးတွေ၊ကချင်ပုဆိုးတွေ ကို ဝယ်ပေးတတ်ကြသေးတာ။(ကျနော့ မှာဆို ယောပုဆိုးတွေ ပုံလို့တောင်နေပေါ့ 😉 …စဒါဘာ …စဒါဘာ)။ ဆိုတော့ မိန်းကလေးတွေ ကြိုက်တတ်တဲ့ အထဲက တစ်ခုဖြစ်တဲ့ အကျီင်္ဖြူ နဲ့ ယောပုဆိုးဖြစ်ဖြစ် ၊ ကချင်ပုဆိုးဖြစ်ဖြစ် ရှိထားရင် မမှားပါဘူး။

 

လူဆိုးချစ်သူ

အံ့ဩမသွားပါနဲ့။ ဂျစ်တစ်တစ် ၊ ပေကန်ကန် လူဆိုးတွေကိုမှ သဘောကျတာ သပ်သပ် တစ်အုပ်စုရှိတယ်။ များသောအားဖြင့် ကျွန်တော်တို့ထက် အသက်ကြီးတဲ့ မမတွေဗျ။” မောင်ကွာ..သိပ်ဆိုးတာပဲ ” ဆိုတာက သူတို့လက်သုံးစကား။ တက်တူးတွေ နဲ့ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး နဲ့ ဘဲတွေရဲ့ ချစ်သူကိုကြည့်လိုက်ရင် မမတွေ ပိုများတယ်။ ဆိုးနေတာလေးကိုမှ ချစ်တယ်ဆိုတော့လည်း ဆိုးရတော့တာပါပဲ။ သူတို့ရဲ့အချစ်က ဆုံးမချင်၊အလိုလိုက်ချင်၊ဖြည့်ဆည်းပေးချင်တာ ပိုများတယ်ဗျ။ ဒီလူဆိုးလေးကို ငါလိမ္မာလာအောင် ပြုပြင်မယ်ဆိုပြီး ကျနော်တို့ ဘဝတွေထဲ ဝင်လာတတ်ကြတယ်။ ပြုတော့ပြင်တော့လဲ လိမ်ရမာရ တော့တာပေါ့ 😉 ။

ဂရုစိုက်ပါ

သေးသေးမွှားမွှားက စလို့ ကြီးကြီးမားမား အထိ ဂရုစိုက်ပါ။ ကိုယ့်ကောင်မလေးအကြောင်း ကိုယ်နောကြေအောင် လုပ်ထားဗျ။ shopping ထွက်ရတာကြိုက်တဲ့ မိန်းကလေးမျိုးနဲ့ ညပ်သွားပြီဆိုရင်တော့ ဝတ္ထုစာအုပ် တွေ ဝယ်တာဖြစ်ဖြစ်၊ phone ထဲကို ရှည်ရှည်ဝေးဝေး ဆော့ရတဲ့ Game တွေသွင်းတာဖြစ်ဖြစ် လုပ်ထားသင့်တယ် ကိုယ့်လူတို့။ အဲဒါဆို သူတို့ ရွေးနေ၊ဝတ်ကြည့်နေ၊ဈေးဆစ်နေ တဲ့ အချိန်တွေမှာ သာသာယာယာ game ဆော့နေရုံပဲလေ။ ရုပ်ရှင်ကြိုက်တဲ့ စကီလေးတွေဆိုရင်လည်း လိုက်ပြပေး။ သူတို့တကယ် ရုပ်ရှင်ကြည့်ချင်တာလား ဆိုတာကို ထိုင်ဖို့ ခုံနေရာရွေးဝယ်တဲ့အချိန် သိနိုင်တယ်ကိုယ့်လူတို့ရေ။ ရှေ့ဆုံးတန်းကို ရွေးဝယ်ပြီဆိုရင်တော့ ရုပ်ရှင် တကယ်ကြည့်ချင်လို့ဖြစ်ပြီး ကျန်တာတော့ ဆက်မပြောလိုတော့ဘီ 😉 ။ကိုယ်နဲ့ ရုပ်ရှင်ခဏခဏ ကြည့်ချင်ဖို့က ကိုယ့်အပေါ်မှာပဲ အများကြီးသက်ဆိုင်တယ်ဆိုတာ သတိချပ်ပါ ကိုယ့်ဆရာတို့။နောက်ထပ်တစ်ခုက သူတို့ ဓမ္မတာ လာတတ်တဲ့ အချိန်တွေကို သိထားရင်ပိုကောင်းတယ်ဗျ။ ဓမ္မတာ နဲ့ ငါတို့ယောက်ျားလေးတွေနဲ့ ဘာဆိုင်လို့လဲကွာလို့ ပြောလို့ရပေမယ့် သိထားရင်တော့ ဆောင်လို့၊ရှောင်လို့ ရတာလေးတွေရှိတာပေါ့။ နောက်တစ်ခုက မိန်းကလေးတွေ ဓမ္မတာ လာနေတဲ့အချိန်ဆိုရင် စိတ်ခံစားမှု အတက်အကျလေးတွေ ရှိတတ်တယ်။ တစ်ခုခု ကို ဒေါသထွက်နေတာမျိုး၊ ဘာကိုဝမ်းနည်းလို့ နည်းမှန်းမသိ ငိုချင်နေတာမျိုး တွေပေါ့။ သည်းခံပြီး ဂရုစိုက်ပေးလိုက်ပါဗျာ။ သူတို့လည်း ကျနော်တို့ မူးပြီး ရစ်သမျှ ခံကြရသေးတာ။

 

ပျင်းစရာကောင်ကြီး မဖြစ်စေနဲ့…အလိုက်သိ

ဟုတ်တယ်ဗျို့…အလိုက်သိ ဖို့ကလည်းအရေးကြီးသေးသလို relationship ကြီးက ပျင်းဖို့မကောင်းဖို့လဲ လိုသေးတာဗျ။ ကိုယ့်ကောင်မလေးက ကိုယ့်ထက်အများကြီးငယ်နေရင် သွားဆိုးနေလို့မရပဲ သူတို့ ဆိုးတာခံနိုင်တဲ့ ကွီးဖြစ်နေမှရမယ်။ ဆရာမ နဲ့ ကြိုက်နေသူတွေအဖို့ ဆရာသွားလုပ်လို့မရသလို ကိုယ့်ထက်ကြီးတဲ့ မမ ကို ဆို ဆုံးမ မိမှာကိုလဲ သတိပြုပါလေ။ လှေကြီးပဲ ထိုးနေရင်လည်း ကြာရင်ရိုးသွားတတ်တာမို့ အသစ်အဆန်းလေးတွေ ဖန်တီးဖို့ အမြဲစဉ်းစားပါ။ လှေအပြင် ဟယ်လီကော်ပတာတွေ ဘာတွေလဲ စီးလို့ရတယ်ဆိုတာ ကောင်မလေးကို ရှင်းပြပါ။ အခေါ်အဝေါ် အပြောအဆိုလေးတွေကိုလည်း ပျော်စရာကောင်းအောင် ဖန်တီးပါ။ လူအများရှေ့မှာ ခေါ်ရင် တစ်မျိုး၊ နှစ်ယောက်ထဲရှိတဲ့ အချိန်တွေမှာ တစ်မျိုးပေါ့။ ဇာတ်လမ်းအသစ်လေးတွေ ထွင်ပြီး ကစားပါ။ ပီဇာပို့မလား…ရေပိုက်ပြင်မလား။ ဂီတ ခုံမင်တဲ့ မိန်းကလေးမျိုးရဲ့ ချစ်သူဆိုရင်တော့ ဂစ်တာတီး..သီချင်းဆိုပြတာမျိုး၊ ဘာဂျာမှုတ်ပြ တာမျိုး လုပ်ပေးသင့်ပါတယ်။ နောက်တစ်ခု အကြံပေးလိုတာကတော့ ဟင်းချက်နည်း ၃ ၄ မျိုးလောက်သင်ထားဖို့ပါ ကိုယ့်လူတို့။ မိန်းကလေး အများစုက သူတို့ ချစ်သူက ဟင်းချက်တတ်ရင် လွန်စွာ သဘောကျတတ်လို့ပါပဲ။ ပြီးနှစ်ယောက်ထဲရှိနေချိန်တွေ ချစ်ခရီးထွက်ကြမယ်ဆို နှစ်ယောက်စလုံး နိဒါန်းကို ကျော်မဖတ်နဲ့ဗျို့။ နိဒါန်း ကောင်းမှ စာကိုယ်ကောင်းမှာမို့ပါ။ စာကိုယ်ကောင်းပဟေ့ ဆို နိဂုံး ကတော့ ပြောမနေနဲ့ဗျို့…ဆိုတော့ ထပ်ပြောပါရစေ  နိဒါန်း ကို ရှယ်ပျိုးပါ။ အဓိက အရေးအကြီးဆုံးအချက်ကတော့ “နားလည်မှု” ရှိဖို့ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်  “နားလည်မှု” ရှိပေးနိုင်သ၍ကတော့ အရာရာ သာယာဖြောင့်ဖြူးနေမှာ အမှန်ပါပဲ။

 

မိန်းကလေးတွေ ဘာကြိုက်???(မိန်းကလေးများ မဖတ်ရ)

အခုကျနော်ရေးခဲ့တာတွေကတော့ မိန်းကလေးတွေ ကြိုက်တတ်တဲ့ အချက်ပေါင်းများစွာထဲက အချို့သော အချက်အလက်များဖြစ်ပါတယ်။ မိန်းကလေးများ မဖတ်ရလို့ ရေးထားပေမယ့် ဝင်ဖတ်ကြဦးမယ်ဆိုတာ ကွီး သိနေပါရဲ့ ။

ကျနော် အခုရေးခဲ့တာတွေအပြင် မိန်းကလေးတွေ ဘာတွေကြိုက်တတ်ကြသေးလဲ ဗျ? ကြိုက်တတ်တာလေးတွေ၊သိစေချင်တာလေးတွေကို ပြောပြသွားရင်း ချစ်သူတွေကို mention ခေါ်လိုက်ရအောင်လား။

 

သကောင့်သား(အခရာ)

www.akhayar.com